မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ကို ထောက်ပံ့နေသည်ဟုဆိုကာ ဇွန်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခံထားသည့် ဒေသခံရှစ်ဦးတို့ ပြန်လည်မလွတ်မြောက်သေးကြောင်း သိရသည်။
ဒေသခံရှစ်ဦးတို့ကို ကျိုက်ထိုရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုအတွက် စစ်ကြောရေးသို့ခေါ်ထုတ်သွားနေသည်ဟု အုပ်ထိန်းသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းအပြင် လက်ရှိအချိန်အထိ အုပ်ထိန်းသူတို့အနေဖြင့် တွေ့ဆုံခွင့်မရှိသည့်အပြင် ဆက်သွယ်ခွင့်လည်းမရှိသေးကြောင်း သိရသည်။
"မိဘတွေကသွားညှိတာတော့ရှိတယ် သူတို့ကလူလည်းအတွေ့မခံဘူး၊မြန်မြန် မောင်းထုတ်လိုက်တယ်၊ ဘာမှလည်းပြောဆိုခွင့်မရှိဘူးဖြစ်နေတယ်၊ဖမ်းခံရတဲ့မိသားစုတွေက နည်းမျိုးစုံနဲ့ သွားကြပေမဲ့လည်း မရဘူး" ဟုဆိုသည်။
ဖမ်းစီးခံရသည့် ကျိုက်ထိုဒေသခံ ၈ ဦးအနက် ၄ ဦးတို့သည် ကော့စနိုင်လူမှုကူညီရေးအဖွဲ့မှဖြစ်ပြီး အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားအများစု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့်ဖမ်းဆီးထိန်းသိမ်းခံနေရသော်လည်း လက်ရှိတွင်အကြမ်းဖက်ပုဒ်မဖြင့်သာ ဆက်တိုက်ဖမ်းစီးနေသည်ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP မှ သိရသည်။
ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတို့သည် နောက်ပိုင်း ပြန်လည်လွတ်မြောက်လာသူ မရှိသလောက်နည်းပါးသည်ဟု AAPP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ဆိုသည်။
“ဖမ်းခံရပြီးနောက်ပိုင်းလွတ်တဲ့သူက အင်မတန်နည်းပါတယ်။ သူတို့လွှတ်တာက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်တာရှိတယ်။ နှစ်ပြည့်လို့လွတ်တာရှိတယ်။ ရာခိုင်နှုန်းနဲ့ပြောရရင်တော့ အရမ်းကိုနည်းပါးလွန်းတယ်ဗျ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တဲ့လူမှုန်သမျှကို သူတို့(စစ်တပ်) ထောင်ထဲမှပဲထားချင်တာ။ သူတို့စဖမ်းကတည်းက လွတ်ပေးဖို့ကအစီစဉ်မရှိဘူးလေ ” ဟု ဆိုသည်။
မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်မှဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတို့ကို အစုအရပ်အနေဖြင့် ကျိုက်မရောအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး တောင်ကလေး၊ မော်လမြိုင်နှင့် သထုံအကျဉ်းထောင်တို့တွင်လည်း ထိန်းသိမ်းထားသည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စာရင်းအရ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်နှင့် ဖမ်းခံထားရသူ(၂၆၈၈၉) ဦးအနက် မွန်ပြည်နယ်မှနိုင်ငံရေးအကျဉ်းသား( ၆၀၀) ဦး ပါဝင်နေသည်ဟု ဆိုသည်။