Homeသတင်းမွန်ပြည်နယ်တွင် VPN အသုံးပြုသူတို့ ငွေညှစ်တောင်းခံနေရ

မွန်ပြည်နယ်တွင် VPN အသုံးပြုသူတို့ ငွေညှစ်တောင်းခံနေရ

-

စစ်ကောင်စီမှ လူမှုကွန်ရက်အသုံးပြုရာတွင် တစ်ဆင့်ခံအသုံးပြုနေရသည့် virtual Private Network ခေါ် VPN အသုံးပြုခြင်းကို ပိတ်ပင်ရန်ကြိုးစားနေသည့်အတွက် မွန်ပြည်နယ်အတွင်း VPN အသုံးပြုနေသူတို့ကို ငွေညစ်တောင်းခံမှု ပြုလုပ်နေသည်ဟု မြို့ခံတို့မှတစ်ဆင့်သိရသည်။

ဇွန်လဆန်းပိုင်းမှစ၍ မြို့အဝင်အထွက်နေရာနှင့် လမ်းဆုံနေရာတို့တွင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်းထမ်နှင့် ITအပိုင်းကျွမ်းကျင်သူတို့က လက်ကိုင်ဖုန်းကို စစ်ဆေးလျှက်ရှိပြီး VPN ဆော့ဝဲလ် ထည့်သွင်းထား သူတို့ကို ငွေကျပ်သိန်းဂဏန်းအထိ တောင်းခံနေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

“အဓိကကတော့ရဲတွေပါမယ်၊ ပြီးတော့ IT အပိုင်းကျွမ်းကျင်တဲ့သူတွေပါမယ်။ လူငယ်လူလတ်တွေဆိုသူတို့ ပိုစစ်တယ်။ VPN တွေ့လို့ရှိရင်ပိုက်ဆံတောင်းတယ်။ ၅သောင်း ၁ သိန်း လူအခြေနေကိုကြည့်ပြီးတောင်းတာပေါ့။ ချက်ချင်းမပေးနိုင်ရင် အိမ်ကလူကိုဖုန်းဆက်ပြိးတော့ ပိုက်ဆံလာပို့ခိုင်းတယ် ” ဟု ဆိုသည်။

တစ်ဆင့်ခံ VPN ဆော့ဝဲလ် အသုံးပြုလျှင် အရေးယူမည်ဟု စစ်ကောင်စီမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသော်လည်း မော်လမြိုင်မြို့ပေါ်တွင် ဒဏ်ငွေပေးဆောင်ခံရသူ ဆယ်ဦးထက်မနည်းရှိနေသည်ဟု သိရသည်။

အလားတူ ရေးမြို့ပေါ်တွင် လူအသွားအလာများသည့် အထက(၁) ကျောင်းရှေ့နှင့် လမ်းဆုံမီးပွိုင့်နေရာတို့တွင် စစ်ဆေးမှု ပြုလုပ်လျှက်ရှိပြီး ဒဏ်ငွေနှစ်သိန်း ပေးဆောင်ခံခဲ့ရသည်ဟု ရေးမြို့ခံတစ်ဦး ဆိုသည်။

“သူတို့က အဓိက ရေးမြို့မီးပွိုင့်မှာ ပြီးတော့ အထက(၁) ကျောင်းရှေ့မှာစစ်နေတယ်။ နေရာသတ်မှတ်ပြီးစစ်နေတာတော့မရှိဘူး။ ကြုံရင်ကြုံသလိုစစ်နေတာ၊ တစ်နေရာဆိုရင် အများဆုံးစစ်တာ တစ်နာရီ နှစ်နာရီလောက်ကြာတယ်၊ ပြီးရင်တစ်ခြားတစ်နေရာပြောင်းတယ်၊ စစ်ခံထိရင် အနည်းဆုံး၂ သိန်းပေးရတယ် ” ဟုဆိုသည်။

နည်းပညာပိုင်းကျွမ်းကျင်သည့် လူငယ်များက အပြင်ထွက်သွားလာရာတွင် လုံခြုံမှုရှိအောင် Hide software application ဖြင့် အသုံးပြု သွားလာနေသော်လည်း လုံခြုံမှုမရှိနေကြောင်း မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက ဆက်ပြောသည်။

“ရှောင်သခင်စစ်ဆေးနေတာတွေ့ရင် ရှောင်လိုက်တာရှိတယ်၊ ရှောင်မလွတ်ဘူးဆိုရင် ရှိတဲ့ VPN ကိုuninstall လုပ် အိမ်ရောက်မှပြန်ဒေါင်း၊ တစ်ချို့ကလည်း software တွေနဲ့hide လုပ်ထားကြတာပေါ့၊ social media ကိုအရင်လိုတွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်ကြတော့ဘူး။ အခုကအပြင်ထွက်ရင် VPNတွေဖြုတ် ဖုန်းကို အိမ်မှာပဲထားဖို့ လူကြီးတွေက မှာနေရပြီး ” ဟု ဆိုသည်။

မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ဒေသအချို့တွင် VPN အသုံးပြုသူတို့ိကို ဒဏ်ငွေပေးဆောင်စေသည့်အပြင်၊ အဆိုပါဆော့ဝဲလ်တို့ကို ထပ်မံအသုံးမပြုရန် တားမြစ်မှုတို့ ပိုမို ပြုလုပ်လာသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလလယ်ပိုင်းမှစ၍ မွန်ပြည်နယ်တွင် ဖုန်းလိုင်းပြတ်တောက်ခြင်း၊ အင်တာနက်လိုင်းမမိခြင်းနှင့် လူမှုကွန်ရက်အတွက် တစ်ဆင့်ခံသုံးရသည့် VPN တို့ ချိတ်ဆက်မရခြင်းတို့ စတင်ဖြစ်လာခဲ့သည်။

လက်ရှိ VPN ပြဿနာကြောင့် အွန်းလိုင်းမှတစ်ဆင့်ဈေးရောင်းသူတို့ ရောင်းအားကျဆင်းနေသည့်အပြင် ပညာရေး၊ လူထုအကျိုးပြုကိစ္စဆိုင်ရာတို့နှင့်လည်း အထိအခိုက်များစွာ ရှိနေကြောင်းသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts