မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ ထန်းပင်ချောင်လေးကျေးရွာအုပ်ချုပ်ရေးမှုး ဦးချစ်ဝင်းဆိုသူသည် ယနေ့ ဇွန်လ ၁၄ရက်နေ့ နံနက်ပိုင်းတွင် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။
ယနေ့နံနက်ပိုင်း ၉ နာရီတွင် ဆိုင်ကယ်စီးလာသည့် သေနတ်သမားနှစ်ဦး ဦးချစ်ဝင်းနေအိမ်သို့ရောက်ရှိလာပြီး နေအိမ်တွင်ရှိနေသည့် ဦးချစ်ဝင်းနှင့် သားဖြစ်သူကို မှောက်ခိုင်းရာ သားဖြစ်သူထံမှ ၂ ကျပ်သားရွှေဆွဲကြိုးအား ချွတ်ယူပြီးနောက် ဦးချစ်ဝင်း၏ ဦးခေါင်းနောက်စေ့ကို သေနတ်နှင့် ပစ်ခတ်သွားသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ဦးချစ်ဝင်းက သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူအိမ်မှာရှိနေတယ်၊ ဆိုင်ကယ်နဲ့လူနှစ်ယောက်ရောက်လာပြီးတော့ အိမ်ထဲဝင်လာတယ် ချစ်ဝင်းကို မှောက်လျှက်အနေအထားကနေပြီးတော့ သေနတ်နဲ့တစ်ချက်ပစ်လိုက်တာ နေရာမှာတင်သေသွားတယ်ပေါ့ ”ဟု ပေါင်မြို့နယ်ဒေသခံက ပြောသည်။
၎င်းအပြင် စစ်မှုထမ်းသူတို့ကို ထောက်ပံ့ရန် ဒေသခံတို့ထံ လိုက်လံကောက်ယူထားသည့် ငွေကျပ်သိန်း ၆၀ ကိုလည်း သေနတ်သမားနှစ်ဦးက ယူဆောင်သွားသည်ဟုလည်း သိရသည်။
အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ ထန်းပင်ချောင်လေကျေးရွာအတွင်း ဝင်ရောက်ရှိလာပြီး စစ်ဆေးမေးမြန်မှု လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
ထန်းပင်ချောင်းလေးရွာအုပ်ချုပ်ရေးမှုး ဦးချစ်ဝင်းသည် ကျေးရွာအတွင်း စစ်မှုထမ်းကိစ္စဆောင်ရွက်လျှက်ရှိပြီး စစ်မှုထမ်းသူတို့ကိုလည်း သိန်း ၅၀ အထိ ထောက်ပံ့လျှက်ရှိသည်ဟု သိရသည်။
လက်ရှိအချိန်အထိ ဦးချစ်ဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သတ်၍ မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်ထားသည်ကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ယခုဇွန်လအတွင်း လုပ်ကြံပစ်သတ်ခံရမှု မကြာခဏဖြစ်ပွားလျှက်ရှိပြီး ပစ်သတ်မှုကြောင့် အုပ်ချုပ်ရေးမှုအပါဝင်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၂ ထိခိုက်ဒဏ်ရရှိခဲ့သည့်ဟု သတင်းအချက်အလက်ဖော်ပြချက်တို့အရ သိရသည်။