Homeသတင်းစစ်လက်နက်အကြွင်းအကျန်ပစ္စည်းကြောင့် တောင်သူတို့ မိုးစပါးစိုက်ရန်ခက်ခဲနေ

စစ်လက်နက်အကြွင်းအကျန်ပစ္စည်းကြောင့် တောင်သူတို့ မိုးစပါးစိုက်ရန်ခက်ခဲနေ

-

မွန်- ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ တိုက်ပွဲပြင်းထန်ခဲ့သည့် ကျေးရွာနှင့်လယ်ခင်း၊ယာခင်းတို့အတွင်း စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ပြန့်ကျဲနေခြင်းကြောင့် မိုးစပါးစိုက်ပျိုးရန် အခက်ကြုံနေရသည် ဒေသခံတို့မှ သိရသည်။

စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတို့ကို တာဝန်ယူရှင်းလင်းပေးခြင်းမရှိသည့်အပြင် စစ်ကောင်စီမှ တစ်ရွာနှင့်တစ်ရွာ အသွားအလာအကန့်အသတ်ထားမှုတို့ကြောင့် တောင်သူတို့ လယ်ယာလုပ်ငန်း စတင်လုပ်ကိုင်ရန် တုံ့ဆိုင်းနေရသည်ဟု တရနာဒေသခံအမျိုးသမီး တစ်ဦးကဆိုသည်။

“လက်နက်ကြီး ပစ္စည်းတွေကျန်နေတာတွေ့ရတော့ လယ်ဆင်းဖို့တုံ့ဆိုင်းနေတယ်၊ စစ်သားတွေကလာမရှင်းပေးဘူး၊ သူတို့ကို ခေါ်တော့ သူတို့ဟာမဟုတ်ဘူးဆိုပြီးပြောတယ်။ဒီနှစ်ကျမတို့လယ်လဲမလုပ်ဖြစ်ဘူး၊ ပြီးခဲ့တဲ့လကဆို လယ်ထဲ သွားဖို့ကန့်သတ်ထားတာ လက်နက်အကြွင်းမကျန်တဲ့ လယ်ယာတွေဆို နောက်နှစ်စားဖို့လောက်ပဲ ကြဲစိုက် ထားတယ် ” ဟု ၎င်းကပြောသည်။

ထို့ကြောင့် ဓမ္မသ၊ သံကလောင်၊ ကျွန်းကုန်းပိုင်း၊ တရနာ ကျေးရွာတို့တွင် မိုးစပါးကို စားသုံးရန်အတွက် ပျိုးကြဲစနစ်ဖြင့်သာ စိုက်ပျိုးနေကြသည်ဟု သိရသည်။

၎င်းအပြင် အဆိုပါ စစ်လက်နက်အကြွင်းကျန်ပစ္စည်းများ အများအပြားကျန်ရှိနေသည့် ကျေးရွာနှင့် နေအိမ်၊ ခြံဝင်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်ပေးလိုလျှင် စစ်ကောင်စီအဖွဲ့ထံ အခကြေးငွေပေးဆောင်ရသည်ဟုလည်း ဓမ္မသ ဒေသခံတစ်ဦးက ပြောသည်။

“အိမ်ထဲမှာကျန်နေတယ်၊ ခြံထဲ အိမ်ထဲမှာလဲ ကျန်နေတယ်၊ သူတို့ကိုခေါ်ပြီးပိုက်ဆံပေးရင် လာသိမ်းပေးတယ်။ မပေါက်ကွဲရသေးတဲ့ဟာတွေရောပဲကျန်နေတယ်။ တစ်ချို့အိမ်က ကိုယ့်ဘာကိုယ်ပဲဖယ်ပြီးနေကြ တာရှိတယ် ” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်ဒေသခံတို့ နေရပ်မှ ပြန်လာမည်ဆိုပါက ကျေးရွာနှင့် ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ နေရာမှဖယ်ရှားပေးမည်ဆိုသော်လည်း လက်ရှိအချိန်ထိ စခန်းချကာ စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်ဝင်လာသူတို့ကို လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် စစ်လက်နက်အကြွင်းအကျန်းတို့ကိုလည်း ၎င်းတို့၏ပစ္စည်းမဟုတ်ဟုဆိုကာ ရှင်းလင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ကျိုက်မရောမြို့နယ်တွင် နွေစပါးနှင့် မိုးစပါးနှစ်မျိုးစလုံး စိုက်ပျိုးလျှက်ရှိပြီး စစ်ရေးပဋိပက္ခနှင့် နယ်မြေလုံခြုံမှုမရှိခြင်းတို့ကြောင့် မိုးစပါးအထွက်နှုန်း စားသုံးရုံမှသာ ရရှိမည်ဟု တောင်သူတို့က သုံးသပ်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts