မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ၃၄၀၇ ဦးရှိသည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအရ သိရသည်။
ဇွန်လ ၁၁ ရက်နေ့ ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ရှိသည့်အနက် ၃၄၀၇ ဦး အောင်မြင်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ၅၉ ဒသမ ၀၈ ရာခိုင်းရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်သူများထဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၆၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၉၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၅၄ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၄၄၇ ဦးရှိခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူ ၇၄၅၉၂ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်သည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၅၇၆၈ ဦးရှိပြီး အောင်မြင်သူ ၄၁၇၂ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၇၂ ဒသမ ၃၃ ရာခိုင်နှုန်းကျော်ဖြင့် တနိုင်ငံလုံး အဆင့် ၅ ရရှိခဲ့သည်။
မွန်ပြည်နယ်သည် တနိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံးဖြင့် ဆက်တိုက်ရရှိခဲ့သည့်ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ အောင်ချက် အဆင့် ၅ သို့ ကျသွားခဲ့သည်။
စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေပွဲ ဖြေဆိုသူ ထောင်ကဏန်းသားကျန်ရှိတော့သည်။