တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးသစ်တွင် စစ်ကောင်စီ မောရဝတီရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ရာဖူးရွာသစ်အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ မောရဝတီတပ်ရေမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးတစ်လုံးသည် ရာဖူးရွာသစ်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။
နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ရှိ အသက် ၄၀ ဝန်းကျင်ဇနီးမောင်နှံနှင့် လသားအရွယ်ကလေးငယ်တစ်ဦး၊ အသက် ၁၀ နှစ်ဝန်းကျင်ကလေးတစ်ဦးတို့ သေဆုံးသွားခဲ့သည်။
ဇွန်လ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ရာဖူးကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲတော့မဖြစ်တော့ဘူး၊ စစ်သားအများကြီးပဲ ရွာတိုင်းကိုလမ်းလျှောက်ပြီး လှည့်ပတ်ဝင်နေတယ်။ ရွာသားတွေက တိမ်းရှောင်နေရတယ်။ ၇ ရက်နေ့ (ဇွန် ၇) က ၂ နာရီလောက်က အမြှောက်တပ်ကရော ရေတပ်ကနေရော ပစ်ခတ်နေတယ်။ ထိခိုက်သေဆုံးသွားတဲ့ ဒေသခံတွေရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီရေတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးသည့်အပြင် နေအိမ်မီးလောင်ပျက်စီးမှုတွေလည်းရှိကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်၊ ၅ ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရာဖူးရွာ၊ မရမ်းချောင်းရွာ၊ ကော့လှိုင်ရွာ အစရှိသည့်ကျေးရွာတို့မှ ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အပြင် ယခုရက်ပိုင်းအတွင်း ကလိန်းအောင်မြို့ အဝင်တံတား စစ်ဆေးရေးဂိတ်တွင်လုံခြုံရေးအင်အားအများအပြားချထားပြီး လမ်းသွားလမ်းလာများကို တင်းကြပ်စွာစစ်ဆေးလုပ်ဆောင်နေကြောင်းလည်း ဒေသခံတို့က ပြောသည်။
