Homeသတင်းစစ်သင်တန်း အပတ်စဉ် (၃) တွင် ပေါင်မြို့နယ်မှ  ဒေသခံ ၁၀ ဦး ပို့ဆောင်ထား

စစ်သင်တန်း အပတ်စဉ် (၃) တွင် ပေါင်မြို့နယ်မှ  ဒေသခံ ၁၀ ဦး ပို့ဆောင်ထား

-

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် (၃) အတွက် ဒေသခံ ၁၀ ဦးကို ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်တွင် ပို့ဆောင်ထားသည်ဟု သိရသည်။

စစ်သင်တန်းအတွက် ပို့ဆောင်ခံရသည့် ဒေသခံ ၁၀ ဦးတို့သည် ပေါင်မြို့၊ ဇင်းကျိုက်မြို့နှင့် မုတ္တမမြို့မှဖြစ်ပြီး မိမိဆန္ဒအလျှောက် လာရောက်လျှောက်ထားသူတို့အပြင် ငွေကြေးမက်လုံးပေးကာ ခေါ်ယူထားသူတို့ရှိသည်ဟု ပေါင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

“ဒီစစ်မှုထမ်း တတိယအသုတ်မှာတော့ မေလ ၂၄ရက်နေ့က ၇ယောက်ပို့တယ် ၊ နောက်တော့မေ ၂၈ ရက်နေ့မှာလည်း ၃ယောက်ထပ်ပို့တယ် စုစုပေါင်း ၁၀ယောက်ပေါ့ ” ဟု ဆိုသည်။

 စစ်သင်တန်းတက်ရောက်မည့် သူတို့ကို ငွေကျပ်သိန်း ၅၀ အထိ ထောက်ပံ့မည့်အပြင် စစ်သင်တန်းပြီးမြောက်ပါက လစာငွေ ၄သိန်း ၂ သောင်းကျပ်ကိုလည်း အကျိုးခံစားခွင့်အဖြစ် ရရှိမည်ဟု သိရသည်။

လက်ရှိ ပေါင်မြို့နယ်တွင် စားဝတ်နေရေးခက်ခဲသည့် ရွေ့ပြောင်းအလုပ်သမားတို့အနေဖြင့် စစ်မှုထမ်းဆောင်သည့်ကိစ္စကို စားဝတ်နေရေးအတွက် ဖြေရှင်းနည်းဖြင့် သုံးလာသည်ဟုလည်း စစ်မှုးထမ်းသင်တန်းသားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“သူကိုယ်တိုင်က စစ်မှုထမ်းထဲ ဝင်မယ်လို့ပြောတယ်၊  အလုပ်ကိုင်ရှိတဲ့လူက ဒီစစ်မှုထမ်းသင်တန်းကို စိတ်မဝင်စားပေမဲ့၊ တချို့အလုပ်အကိုင်မရှိဘူး ပညာအရည်အချင်းလည်းမရှိတဲ့လူတွေကျတော့ သူတို့စားဝတ်နေရေးအတွက် စိတ်ဝင်စားတယ်ပေါ့" ဟု ၎င်းက ဆိုသည်။

မေလ နောက်ဆုံးအပတ်တွင် ပို့ဆောင်ထားသည့် ဒေသခံတို့ကိုလည်း သံဖြူဇရပ်အခြေစိုက် ဝဲကလိစစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ထိုအပြင် လက်ရှိပေါင်မြို့နယ်ကျေးရွာအချို့တွင်  စစ်မှုထမ်းသင်တန်းသားတို့အတွက် နေအိမ်တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ ကောက်ခံမှုရှိနေသည်ဟုလည်း သိရသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပေါင်မြို့နယ်တွင် ယခုအပတ်စဉ် ၃ အပါအဝင် စစ်မှုထမ်းရန် ဒေသခံ စုစုပေါင်း ၂၄ ဦး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

မွန်ပြည်နယ်တွင် စစ်သင်တန်းအတွက်ရွေးချယ်ခံရပြီး အုပ်ချုပ်ရေးမှုရုံးတွင် ငွေကြေးဖြင့် မညှိနှိုင်းသူတို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့တွင် ကျန်းမာရေးချို့တဲ့သည့် အကြောင်းပြချက်ဖြင့်သာ ညှိနှိုင်းနေကြရသည်ဟု သိရသည်။

ဗမာရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ၏ အစီရင်ခံစာအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းဉပဒေအပတ်စဉ်(၁) အတွက် လူငယ် ၂၀၀ ကျော် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအပတ်စဉ်(၂)တွင်လည်း လူငယ်ဦးရေ ၂၀၀ ကျော် ပို့ဆောင်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts