spot_img
Friday, February 14, 2025
More
    spot_img
    Homeသတင်းရွှေလုပ်ငန်းရှင်များကို အရေးယူပြီး ဈေးကွက်ထိန်းမှု မှောင်ခိုဈေးကွက် ပိုအားကောင်းလာနိုင်

    ရွှေလုပ်ငန်းရှင်များကို အရေးယူပြီး ဈေးကွက်ထိန်းမှု မှောင်ခိုဈေးကွက် ပိုအားကောင်းလာနိုင်

    -

    ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များအပါအဝင် နိုင်ငံခြားငွေ ရောင်း/ဝယ်လုပ်ကိုင်နေသူများကို ဖမ်းဆီးစစ်ဆေးမှု ပိုမိုလုပ်ဆောင်ခဲ့ပြီး ရွှေဈေး၊ နိုင်ငံခြားငွေဈေးများ တည်ငြိမ်အောင် လုပ်ဆောင်လျက်ရှိသည်။

    ထိုသို့ ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်ခြင်းက လတ်တလောတွင် ဈေးကွက်တည်နိုင်ငြိမ်သော်လည်း တရားဝင်လွတ်လပ်စွာ ရောင်း/ဝယ်ခွင့် မရှိသည့်အတွက် မှောင်ခိုဈေးကွက် ပိုမိုအားကောင်းနိုင်ကြောင်း ရွှေဈေးကွက်လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    “ဆိုးလာနိုင်တယ်ဆိုတာက ဈေးကွက်မှာ လွတ်လပ်စွာ ရောင်းဝယ်ခွင့်မရှိတော့ဘူး။ လွတ်လပ်စွာရောင်းဝယ်ခွင့် မရှိတော့တဲ့အတွက် ဈေးကတော့ သမာရိုးကျ တက်နေတာမျိုး မဟုတ်ဘဲနဲ့ အခုထိန်းချုပ်ထားတဲ့ အနေအထား တစ်ခုကြောင့်မို့လို့ တက်နေတာမျိုးဖြစ်တယ်။ အဲဒီတော့ တချိန်မဟုတ် တချိန်ကတော့ ဒါကို ဖောက်ထွက်မှာပဲလေ၊ ဘာဖြစ်သွားလဲဆိုတော့ Market က မှောင်ခို Market ဖြစ်လာတယ်။ အခုလည်း တရားဝင်လားဆိုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပိုဆိုးသွားနိုင်တယ်၊ ဈေးကွက်ကို တရားဝင်ရောင်းဝယ်လို့ မရလို့ရှိရင် ဥပမာပေးရမယ်ဆိုရင် ဆိုင်ထဲမှာ အရောင်းအဝယ်လို့ရမယ့်ကောင်က ဆိုင်ပြင်ကို‌ ရောက်သွားမယ်။ အဲဒီလိုမျိုး ဖြစ်သွားနိုင်တယ်၊ တရားမဝင်ပိုများသွားနိုင်တယ်။ အဲဒါဆိုရင် ဈေးကွက်က ပိုပြီးဆိုးသွားနိုင်တယ်ပေါ့လေ။ ဈေးစာရင်းကြတော့လည်း အခုက ပါးစပ်ဈေးတွေဖြစ်နေတာဆိုတော့ ပါးစပ်ဈေးတွေ ပိုများလာရင် အဲကြရင်တော့ ပုံမှန်အရောင်းအဝယ် လုပ်ချင်သူတွေအတွက် ပိုပြီး ခက်ခဲသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီက ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့်စွပ်စွဲချက်ဖြင့် ဝန့်စိန်ရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်ပိုင်ရှင်များအပါအဝင် တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ်နေသည့် ပွဲစားများ ၂၁ ဦးကို ဖော်ထုတ် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    လက်ရှိ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ရွှေဈေးနှုန်း သတ်မှတ်ချက် ၄၈ သိန်းကျော်ကို မည်သည့်လုပ်ငန်းရှင်မှ အရှုံးခံ၍ လုပ်ဆောင်မှာ မဟုတ်ကြောင်း ရွှေဈေးကွက်လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

    “လောလောဆယ် ယာယီသက်ရောက်မှုတော့ ရှိတယ်။ လောလောဆယ် ဈေးကွက်ငြိမ်သွားတယ်ပေါ့။ အကြမ်းဖျင်းပြောရရင်ပေါ့လေ၊ လောလောဆယ် ဈေးကွက်တော့ ငြိမ်သွားတယ်၊ ခဏပေါ့၊ ဒါပေမဲ့ တစ်ဖက်က ဘာလဲဆိုတော့ ဒီ YGEA သတ်မှတ်လိုက်တဲ့ဈေးပေါ့လေ၊ ၄၈ သိန်း ၇ သောင်း ဟုတ်လား။ အဲဒီဈေးနဲ့ အရောင်းအဝယ် လုပ်ရမယ်၊ အဲဒီလိုဆိုရင်တော့ တမျိုးပေါ့၊ တချို့ရွှေလုပ်ငန်း‌တွေ ပြောပုံအရဆိုရင်တော့ ရွှေကို သူတို့က ချပေးရင်တော့ သူတို့ ရောင်းကောင်း ရောင်းလိမ့်မယ်၊ ဒါပေမဲ့ အခုလောလောဆယ်က ဘယ်ရွှေဆိုင်မှ အရှုံးခံပြီး လုပ်ပေးမှာ မဟုတ်ဘူးလေ။ ၄၈ သိန်းဈေးနဲ့ အခုလောလောဆယ် ဈေးက ငြိမ်နေတယ်၊ ဈေးဘာလို့ ငြိမ်နေသလဲဆိုတော့ အပြင်မှာတော့ အရောင်းအဝယ် အနည်းငယ်ရှိကောင်း ရှိလိမ့်မယ်၊ ဒါပေမဲ့ ဆိုင်တွေမှာက လာရောင်းတဲ့သူရှိမှပဲ ရောင်းပေးမယ့် ပုံစံမျိုးဖြစ်နေတယ်။ အဲဒီလိုမျိုးပေါ့၊ ဈေးကွက်က အနေအထား ကောင်းသွားသလားဆိုတော့ မဟုတ်ဘူး အနည်းငယ်တော့ ရှေ့လျှောက် ပိုဆိုးလာနိုင်ချေရှိတယ်” ဟု ၎င်းက ပြောသည်။

    ရွှေဈေးကွက်တည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ဖွင့်လှစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးချိန် သတ်မှတ်ဈေးဖြင့် မရောင်းချပါက ထိရောက်စွာ အရေးယူခံရမည်ဟု YGEA က ဇွန် ၅ ရက်က ထုတ်ပြန်ထားသည်။

    လက်ရှိတွင် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များအပြင် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်မငြိမ် ဖြစ်အောင်လုပ်ပြီး တရားမဝင် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်နေသူများဟုဆိုကာ လူ ၁၄ ဦးကို ဖမ်းဆီးခဲ့သည်။

    စစ်ကောင်စီအနေဖြင့် ရွှေဈေးကွက်၊ ငွေဈေးကွက်များ တည်ငြိမ်ရန် လုပ်ဆောင်လိုပါက နိုင်ငံရေးကောင်းရန် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ထို့အတူ နယ်စပ်ကုန်သွယ်ရေးများ လည်ပတ်နိုင်ရေး လိုအပ်ကြောင်း ထောက်ပြဝေဖန်မှုများလည်း ရှိနေသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် ပြည်တွင်းတွင် ကုန်ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိနေပြီး အခြေခံ လူတန်းစားများအတွက် အကျပ်အတည်း ကြုံတွေ့နေကြရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts