မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအနီးရှိ ကားဆိပ်ကျေးရွာတွင် ယမန်နေ့ညပိုင်း အချိန်က စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နေအိမ်အပေါ်ကျရောက်ပေါက်ကွဲ မှုကြောင့် ကလေးအပါအဝင် မိသားစုဝင် (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမူကယ်ဆယ် ရေးအသင်းများထံမှ သိရသည်။
၂၀၂၄ ဇွန်လ ၅ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မော့ကနင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ – ၁၀၆ မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကားဆိပ်ကျေးရွာရှိ နေအိမ်တစ်အိမ်အပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းဖြစ်သည်။
“ညက တစ်ညလုံးဆက်တိုက်ပဲ လက်နက်ကြီးနဲ့ ပစ်ချနေတာ၊ ကျနော်သိသလောက်က နှစ်ကရင်ရွာအပြင်ဘက် (ကားဆိပ်) မှာ တစ်လုံးကျတယ်၊ နေအိမ်အပေါ်မှာကျသွားပြီး မိသားစု ၅ ယောက်ထိ သွားတယ်။ အမေဖြစ်သူမှာ ပြင်းထန်ဒဏ်ရာ ရသွားတယ်” ဟု လူမူကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကားဆိပ်ကျေးရွာက ကလေး (၃) ဦး အပါအဝင် မိသားစုဝင် (၅) ဦးတို့သည် လက်နှင့် ခြေထောက်တို့တွင် ကျည်စထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ ရေးမြို့နယ်၊ လမိုင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။
ယမန်နေ့ ည ၁၀ နာရီကနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ဒေသတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ နီးပါး ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
