မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် အမြှောက်တပ် ၃၁၄ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၄ မှ တံတားအနီးနားတဝိုက်ရှိ ကျေးရွားများထဲကို လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးသည် အဝန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၄၀ ကျော်အရွယ်ရှိ စောဇော်မင်းထွန်းနှင့် နော်မြတ်သိန်းတို့ လင်းမယား ၂ ဦး ကျည်ထိမှန် သေဆုံးသွားခဲ့သည်။
“ရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ လက်နက်ကြီးထိလို့ လင်မယား ၂ ဦးကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ ဘာမှမဆိုင်တဲ့ ရွာထဲကို ပစ်တာသူတို့က” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးအပါအဝင် ဒေသခံ ၅ ဦး ထက်မနည်း ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့သည့်အပြင် နေအိမ် ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်ဟု ဆိုသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်ပေါ်ရှိ ကျုံအိတ်တံတားသည် မေလ ၁၁ ရက်နေ့ နံနက်အစောပိုင်းက ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။
မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားကို မွန်ပြည်နယ် ဝန်ကြီးချုပ်က မေလ ၁၂ ရက်နေ့က သွားရောက်ကြည့်ရှူးခဲ့ပြီး ပြန်လည်ပြင်ဆင်နိုင်ရေးနှင့် လတ်တလောကားများဖြတ်သန်းသွားလာနိုင်ရေး စစ်ကောင်စီက ဆောင်ရွက်နေသည်ဟု သိရသည်။
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားကို ပြီးခဲ့သည့်နှစ် ဇွန်လ ၂၉ ရက်နေ့ကလည်း KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။
ပထမအကြိမ်တံတားမိုင်းခွဲခံရစဉ်က တံတားတခြမ်းပြိုကျသွားခဲ့ပြီး အိမ်စီးကား ၃ စီးပါသွားကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
