မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမတ (၃၁၀) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။
မေလ ၆ ရက်နေ့ နံနက် ၄ နှင့် ၅ နာရီကြားတွင် စစ်ကောင်စီ အမတ (၃၁၀) တပ်ရင်းမှ ၁၂၂ မမ ဟောင်ဝစ်ဇာ ၄ လုံး ပစ်ခတ်ခဲ့ရာ ဇီးပြောင်း(၁)ကျေးရွာထိပ် ရော်ဘာခြံအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုထားသည်။
စစ်ကောင်စီ အမတ (၃၁၀) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရော်ဘာအစေးခြစ်နေသည့် ဇီးပြောင်း(၁)ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင်ဆိုသူသည် လက်နက်ကြီးကျည်ထိမှန်သွားခဲ့သည်။
လက်၊ ဝမ်းဗိုက်၊ ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဦးသန်းအောင်သည် ဆေးကုသမှုခံယူနေရင်း မေလ ၇ ရက်နေ့ နံနက်က သေဆုံးသွားခဲ့သည်။
သထုံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတို့မှ KNU အုပ်ချုပ်နယ်မြေအတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု မကြာခဏပြုလုပ်နေပြီး၊ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ခဲ့သည်။
၎င်းပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်၊ ဥယာဉ်ခြံ ထိခိုက်ပျက်စီးမှုလည်းရှိခဲ့သည့်အပြင် သောင်းနှင့်ချီသည့် ဒေသခံပြည်သူတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်လည်း ရှိခဲ့သည်။
