spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းပဲဒက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ၂၆ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    ပဲဒက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ၂၆ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ သက်ရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ ပဲဒက်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄ ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက် မေလ ၈ ရက်နေ့ နံနက်ပိုင်းက စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီမှ အဆိုပါ တပ်စခန်းကို လက်မလွှတ်ရရေး ကြည်း၊ ရေနှင့် လေကြောင်းပေါင်းစုံဖြင့် ခုခံခဲ့သည့်ကြားမှ စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း (၁) တာဝန်ရှိသူက ပြောသည်။

    “သူက ပုလောနဲ့ သရက်ချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးမှာရှိတဲ့စခန်းဖြစ်ပါတယ်။ အဲဒီတကြောမှာ အကြီးဆုံးစခန်းလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီက လေတပ်ရော ရေတပ်ကပါ ပစ်ကူပေးပြီး ခုခံပုံကိုကြည့်ရင် စခန်းက ဘယ်လောက်အရေးပါလဲဆိုတာ ခန့်မှန်းလို့ရမယ်ထင်ပါတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပဲဒက်စခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး လက်နက်ကြီးပစ်ကူမှု ၁၃ ကြိမ်၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ပစ်ကူမှု ၂ဝ ကြိမ် ပြုလုပ်ကာ ဗုံးသီး အလုံး ၁ဝဝ ခန့် ကြဲခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။

    တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး ၂၆ ဦးကို အရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်မျိုးစုံ ၃ဝ လက်နှင့် ခဲယမ်းမီးကျောက်များ၊ စစ်သုံးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း တော်လှန်ရေးပူပေါင်းအဖွဲ့ဘက်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၆ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် ပဲဒက်စခန်း ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေတပ်ပေါင်းစုံသုံးကာ ကြိုးစားလျက်ရှိသည်။ ၎င်းပြင် ကျောက်ဆည်ကျေးရွာအတွင်းရှိ ပျူစောထီးစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၊ S.D.D.F(ဒရုန်းအထူးတပ်ဖွဲ့)၊ဒေါနစစ်ကြောင်း( DawNa Wings ဒရုန်းအဖွဲ့+MSRF ဒရုန်းအဖွဲ့)၊ ဒေါနစစ်ကြောင်း တပ်ခွဲ(၄)KBDF ဒရုန်းအဖွဲ့၊ YAF ဒရုန်းအဖွဲ့၊ KNLA တပ်မဟာ(၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) တပ်ရင်း(၁၂)၊ ဖယ်ဒရယ်စစ်ကြောင်း၊ ဒေါင်းညီနောင်စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း နယ်မြေစိုးမိုးနိုင်ရေး စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်နေသည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန်နှင့် လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ထားကြပါရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်သတိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts