spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းလောင်းလုံးမြို့ပေါ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲနေလို့ ဒေသခံများ စိုးရိမ်

    လောင်းလုံးမြို့ပေါ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲနေလို့ ဒေသခံများ စိုးရိမ်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများရှိနေသည့်အတွက် မြို့ခံများအကြား စိုးရိမ်ထိန့်လန့်နေကြရသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်များ တည်ရှိနေသည့်နေရာနီးနားတဝိုက်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ရှိနေပြီး လူထိခိုက်မှုမရှိသော်လည်း တိရိစ္ဆာန် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဆိုသည်။

    “အမေက အဲ့ဒီနားမှာပဲနေခဲ့တော့ ခေါ်လို့လဲမရဘူး။ ကျွန်မလည်း အဲဒီမှာ နေပေးရတာပေါ့။ တစ်ခါတစ်လေ ပေါက်ကွဲသံလိုလို ပစ်သံလိုလိုကြားရတာရှိတယ်။ စိုးရိမ်မှုကတော့ရှိတယ်။ ဒါပေမယ့် ကျွန်မတို့ကဘယ်ကိုပြောရမလဲ ပြေးစရာလည်းမရှိဘူးလေ။ အဲဒီတော့ဆက်ပြီးနေရတာပေါ့” ဟု လောင်းလုံမြို့နေသူတစ်ဦးက ပြောသည်။

    လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း လောင်းလုံးမြို့လယ်ခေါင်ရှိ မြို့မရဲစခန်းနှင့် ရဲစခန်း၏ အရှေ့မြောက်ဘက်တွင်ရှိသော စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးအနီးတဝိုက်တွင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု ဆိုသည်။

    လောင်းလုံးပကဖတာဝန်ခံက “မြို့ပေါ်မှာက အစိုးရရုံးတွေ ပြောင်းသွားကြပြီ ၂၀၂၃ နှစ်ကုန်လောက်က ပြောင်းသွားကြတာဗျ။ မြို့ပေါ်မှာက ရဲစခန်းနဲ့ စရဖ ရုံးပဲကျန်တယ်။ အဲဒီနေရာတွေနားမှာ သူတို့က ထောင်ထားတာ။ ပေါ်တင်ကို ထောင်ထားတာဗျ။ အဲစခန်းနားက လူတွေကလည်း မြင်ကြတော့ အဲဒီနားမှာ မနေကြတော့ဘူး။ မကြာခဏ ပေါက်ကွဲတာတော့ ကြားတာပေါ့။ လူထိခိုက်မှုကတော့မရှိဘူးပေါ့ဗျာ” ဟု ပြောသည်။

    လောင်းလုံ ရဲစခန်းတွင် စစ်ကောင်စီနှင့် ရဲအင်အား ၄၀ ခန့်ရှိနေပြီး ပျူစောထီးအင်အားလည်း ၁၀ ဦးကျော် ရှိနေကြောင်း သိရသည်။

    လောင်းလုံးမြို့ပေါ်တွင် ယခုနှစ်ဆန်းပိုင်းကစပြီး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ်ဖြစ်ပွားလာခဲ့သည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။

    လောင်းလုံးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနေရာများကို တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီတပ်ဘက်က ယခုလို မြေမြှုပ်မိုင်းထောင်ထားခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks