Homeသတင်းမွန်အမျိုးသားကောလိပ်တွင် IT ဘာသာရပ်ပါ ထည့်သွင်းသင်ကြားသွားမည်

မွန်အမျိုးသားကောလိပ်တွင် IT ဘာသာရပ်ပါ ထည့်သွင်းသင်ကြားသွားမည်

-

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသ၊ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းတွင် ဖွင့်လှစ်ထားသည့် မွန်အမျိုးသားကောလိပ် (Mon National Collage) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစပြီး Information and Technology (IT) ဘာသာရပ်အသစ်တစ်ခုပါ ထည့်သွင်းသင်ကြားသွားရန် ရှိသည်ဟု ကောလိပ်တာဝန်ရှိသူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ ဆရာအတတ်သင် ဘာသာရပ်၊ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်၊ ခေါင်းဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်၊ မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်၊ မီဒီယာနှင့် သတင်းဘာသာရပ်၊ သူနာပြုဘာသာရပ် စသည့် ပညာရပ်များကို သင်ကြားခဲ့ပြီး လာမည့် ပညာသင်နှစ်တွင် IT နည်းပညာဘာသာရပ်သစ်တစ်ခုပါ ထည့်သွင်းသင်ကြားသွားမည်ဟု မွန်အမျိုးသားကောလိပ် ကျောင်းအုပ် ဒေါက်တာပညာမွန်က ပြောသည်။

“Information and Technology ဆိုတဲ့ IT ပညာရပ်ကို လာမယ့်နှစ်မှာ သင်ကြားပို့ချသွားဖို့ ရှိတယ်။ IT ပညာရပ်ကို ဘာကြောင့် ကျနော်တို့ ပို့ချသင်ကြားသွားရတာလဲဆိုရင် နံပါတ်တစ်က ကျောင်းသား၊ ကျောင်းသူတွေက လိုချင်နေကြတာရယ်၊ နံပါတ်နှစ်က Payap တက္ကသိုလ်မှာက IT Program တွေ ရှိနေတဲ့အတွက်ကြောင့်ပါ။ ကျနော်တို့ဆီမှာ ၂ နှစ်လောက် တက်မယ်၊ ဒီကနေ Payap တက္ကသိုလ်မှာလည်း ၂ နှစ်လောက် တက်ပြီး အောင်မြင်သွားမယ်ဆိုရင် Bachelor ဘွဲ့ပေးသွားဖို့ စီစဉ်ထားတယ်ပေါ့” ဟု ဒေါက်တာပညာမွန်က ပြောသည်။

မွန်အမျိုးသားကောလိပ်နှင့် Payap တက္ကသိုလ်ကြား Dual Degree စနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရန်၊ သင်ကြားရေးအပိုင်း၊ စီမံကွပ်ကဲအုပ်ချုပ်ရေးအပိုင်းနှင့် ပညာရေးဖွံ့ဖြိုးမှုအပိုင်းများ အရှိန်မြင့်လာအောင်ပူးပေါင်းဆောင်ရွက်သွားမည့် သဘောတူညီချက်ကို ပြီးခဲ့သည့် ဖော်ဝါရီလ ၈ ရက်နေ့က နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးခဲ့ကြသည်။

လာမည့် ပညာသင်နှစ်အတွက် မွန်အမျိုးသားကောလိပ်မှ သင်တန်းသားသစ် ခေါ်ယူနေပြီးဖြစ်သလို သင်တန်းလျှောက်လွှာကို မွန်အမျိုးသားကောလိပ်နှင့် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတို့တွင် သွားရောက်ထုတ်ယူနိုင်ပြီး မွန်အမျိုးသားကောလိပ်၏ အင်တာနက် စာမျက်နှာမှလည်း ဒေါင်းလုပ်ပြုလုပ်ကာ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်ဟု ထုတ်ပြန်ထားသည်။

လျှောက်လွှာတင်ထားသည့် သင်တန်းသား/သူများအနေဖြင့် မိမိတို့၏ အရည်အချင်းအပေါ် မူတည်ပြီး ပထမနှစ် (သို့မဟုတ်) ဒုတိယနှစ်သင်တန်းကို တိုက်ရိုက် တက်ရောက်ခွင့် ရရှိသူများလည်း ရှိနိုင်သလို Pre-Collage အဆင့်သာ တက်ရောက်ခွင့် ရနိုင်သူလည်း ရှိနိုင်သည်ဟု မွန်အမျိုးသားကောလိပ်မှ ဒု-ကျောင်းအုပ် မိဂျဝ်စဂျင်က ပြောသည်။

“မွန်အမျိုးသားကျောင်းတွေမှာ ဆရာသင် ၃ နှစ်အထက် တာဝန်ယူထားဖူးတဲ့သူဆိုရင် သူတို့ရဲ့ အရည်အသွေးတွေကို မြှင့်တင်သွားဖို့အတွက် မွန်အမျိုးသားကောလိပ်မှာ တက်ရောက်ဖို့ အထူးအခွင့်အရေး ပေးထားတယ်။ ကျန်တဲ့ကျောင်းသား၊ ကျောင်းသူတွေကတော့ အရည်အသွေးစမ်းစစ်စာမေးပွဲ ဖြေရမယ်။ ဖြေပြီးတာနဲ့ ဒီကျောင်းသား၊ ကျောင်းသူက ဘာအတန်းနဲ့ ကိုက်ညီမှုရှိလဲ၊ ဘယ်လို အရည်အချင်းတွေရှိလဲဆိုတာကို ကျောင်းတာဝန်ရှိသူတွေက ခလေးတွေအတွက် ကိုက်ညီမှုရှိတဲ့ ဘာသာရပ်ကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မိဂျဝ်စဂျင်က ပြောသည်။

မွန်အမျိုးသားကောလိပ်သည် မွန်အမျိုးသား ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတက္ကသိုလ်တို့တွင် ပညာဆက်လက် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။

မွန်အမျိုးသားပညာရေးဌာနအောက်တွင် မွန်အမျိုးသားကောလိပ်အပြင် အခြေခံပညာအဆင့်မှ အထက်တန်းလွန် (Post Ten) အထိ စာသင်ကျောင်းပေါင်း ၁၄၀ ကျော်ပြီး ကျောင်းသား၊ ကျောင်းသူ ပေါင်း နှစ်သောင်းနီးပါး တက်ရောက် ပညာသင်ကြားနေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts