ထိုင်း-မြန်မာနယ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံပြည်သူများ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ရှိသလို မြဝတီမြို့အနီး မြစ်ကမ်းဘေးတွင်လည်း ထွက်ပြေးတိမ်းရှောင်နေရသူ ၃၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
တိုက်ပွဲကြောင့် မြဝတီမြို့ခံ ၃၀၀၀ ကျော် နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှတဆင့် မဲဆောက်မြို့သို့ တိမ်းရှောင်သွားခဲ့သော်လည်း မြို့ပေါ်ရပ်ကွက်အချို့မှ ဒေသခံများနှင့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ မြစ်ကမ်းဘေးရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း သိရသည်။
“တံတားနဲ့နီးတဲ့ ရေပူရွာလို့ခေါ်တာပေါ့နော်။ အဲဒီရွာကလူတွေရယ် မြို့ပေါ်ရပ်ကွက်တွေက လူတွေရယ်။ နောက်ပြီး ကော့ကရိတ်နဲ့ သင်္ကန်းညီနောင်က စစ်ဘေးရှောင်အများစုပေါ့ စုစုပေါင်း ၃ ထောင်ဝန်းကျင်ရှိတယ်ရှင့်။ သူတို့ကတော့ ကမ်းစပ်လို့ပြောလို့ရတာပေါ့ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ ဂိတ်တွေမှာ ခိုလှုံနေကြရတယ်။ အဲဒီကနေ လမ်းလျောက်လိုက်ရင် ကမ်းစပ်ကိုရောက်ပြီ” ဟု စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် အစားအသောက်များ ထောက်ပံ့ပေးထားနိုင်သော်လည်း အိမ်သာနှင့် တကိုယ်ရည်သုံးပစ္စည်းများ လိုအပ်နေကြောင်း ဆိုသည်။
“ထိုင်းဘက်ကတော့ လက်နက်ကြီးတွေကျပြီး မီးခိုးထွက်မှခေါ်တာပါ။ အဲဒီတော့ အကုန်လုံးက ဒီမှာပါပဲ။ လောလောဆယ် ရေသောက်ဖို့နဲ့ လူတွေက ချက်ချင်းရှောင်ခဲ့ရတဲ့အတွက် အိမ်သာအခက်အခဲတွေရှိနေတယ်။ နောက်ပြီး လူအများကို ချက်ပြုတ်ကျွေးရတာဖြစ်တော့ ပစ္စည်းတွေ လိုနေတာရှိတယ်။ ဒါတွေက အလှူရှင်နည်းနည်းနဲ့ ပြီးပါတယ်။ အဓိကလိုနေတာတော့ အိမ်သာနဲ့ သောက်ရေပဲ” ဟု အထက်ပါ စစ်ရှောင်အရေးကူညီနေသူက ဆက်ပြောသည်။
ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြဝတီမြို့ပေါ်မှ တော်လှန်ရေးအချို့တပ်ဆုတ်ခွာမှုများရှိနေပြီး ထိုင်းဘက်မှ စစ်ဘေးရှောင်အချို့ နေရပ်ပြန်နေကြကြောင်း သိရသည်။
ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် အသက်အရွယ်ကြီးသူအချို့နှင့် စစ်ဘေးရှောင်အချို့ကို ထိုင်းအစိုးရက ဆက်လက် လက်ခံထားပြီး အထောက်အပံများလည်း ပေးထားကြောင်း သိရသည်။