Homeသတင်းကိုးမိုင်ကျေးရွာရှိ ခလရ ၂၉၉ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

ကိုးမိုင်ကျေးရွာရှိ ခလရ ၂၉၉ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး အခြေစိုက်သည့် စစ်ကောင်စီ ခလရ ၂၉၉ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီ ခလရ ၂၉၉ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၉ နာရီခန့်က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

“လက်နက်ကြီးအသံတွေပဲ ကြားရတယ်။ လက်နက်ငယ်အသံတွေတော့ မကြားရဘူး။ လေယာဉ်လည်း ဝဲနေတာ နှစ်စီးတောင်။ ဗုံးတွေလည်း ကြဲချတယ်။ ခြံတွေဘက်မှာ ကျနေတယ်။ အသံတော့ ကြားနေရတယ်။ ကိုးမိုင်ရွာသားတွေလည်းကြောက်လို့ အကုန်လုံးပုန်းနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ခလရ ၂၉၉ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဝင်ရောက်တိုက်ခိုက်ချိန်တွင် ကလော့ကျေးရွာရှိ စစ်ကောင်စီ အမြှောက်တပ် ၃၁၆ မှလက်နက်ကြီးဖြင့် ပစ်ကူခဲ့ပြီး ဒေသခံတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

နေ့လည် ၁၂ နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင် အခြေအနေငြိမ်သက်နေသည်ဟု ဒေသခံတို့က ဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းခန့်ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မွန်နှင့် တနင်္သာရီအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

မလွှဲတောင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ခလရ ၂၉၉ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts