Homeသတင်းမော်လမြိုင် ရတခ စစ်ဌာနချုပ်ကို ဒရုန်းငါးစီးဖြင့် ထပ်မံတိုက်ခိုက်

မော်လမြိုင် ရတခ စစ်ဌာနချုပ်ကို ဒရုန်းငါးစီးဖြင့် ထပ်မံတိုက်ခိုက်

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက ကာမီကာဇေ (Fixed Wing Drone) ဒရုန်းငါးစီးဖြင့် ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

ဒု-စစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင်ပြီး ရတခစစ်ဌာနချုပ် တိုင်းရုံးအတွင်း အထူးစစ်ဆင်ရေး အစည်းအဝေးပြုလုပ်နေသည့် အားကစားခန်းမနှင့် စစ်ရဟတ်ယာဥ် ၂ စီး ရပ်ထားသောကွင်းနေရာတို့အား ဒီကနေ့ နေ့လယ် ၁း၃၀ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု Alpha Bats Drone Force တပ်ခွဲမှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက IMNA ကို ပြောသည်။

“အတွင်းသတင်းတွေအရ ဒီနေ့ ဟတ်စကီးကွင်းနဲ့ အားကစားခန်းမမှာ အစည်းအဝေးလုပ်နေတာကို တိုက်ခိုက်ခဲ့တာပါ” ဟု ပြောသည်။

ယခုတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးသွားသည့် အခြေအနေအသေးစိပ်ကို စုံစမ်းလို့ မရသေးဘဲ ရတခစစ်ဌာနချုပ်ရှေ့လမ်းမကြီးကို ပိတ်လိုက်ပြီး စစ်ကားများ လေဆိပ်ဘက်သို့ ထွက်ခွာသွားကာ တိုင်းထဲမှ မြန်မာနိုင်ငံဘတ်တံဆိပ်တပ် ပျောက်ကြားဝတ်စုံဖြင့် ကားသုံးစီးထွက်လာကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ယနေ့တိုက်ခိုက်မှုကြောင့် ရဟတ်ယာဥ်နှစ်စီးအနက် တစ်စီးသာ ပျံတက် ထွက်ခွာနိုင်ခဲ့သော်လည်း ကျန်တစ်စီးမှာမူ မတက်နိုင်ဖြစ်နေကြောင်း ကနဦး သတင်းရရှိထားသည်ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့က ဆိုသည်။

ယမန်နေ့ ညနေပိုင်းကလည်း ရတခစစ်ဌာနချုပ်အတွင်း စစ်ဆင်ရေးကွပ်ကဲမှု အစည်းအဝေးလုပ်နေချိန် ကာမီကာဇေ ဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ရာ ဒု-စစ်ခေါင်းဆောင်စိုးဝင်းကိုယ်တိုင် တုန်လှုပ်ခြောက်ခြားမှုဖြစ်ခဲ့ပြီး တိုင်းမှုးဖြစ်သူ ဗိုလ်မှုးချုပ်ကျော်လင်းမောင်အား လူပုံအလည် ဆဲရေးတိုင်းထွာခဲ့ကြောင်းလည်း အဆိုပါနည်းပညာတပ်ဖွဲ့က ဖော်ပြထားသည်။

ယနေ့တိုက်ခိုက်မှုမှာ ဒု-စစ်ခေါင်းဆောင်စိုးဝင်း အနေဖြင့် ရတခတွင်ရောက်ရှိနေပြီး မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း အတွင်းသတင်း တွေအရ သိရသဖြင့် ရသမျှနည်းလမ်းများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts