မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသရွာနဲ့ အခြားမွန်ရွာတွေ မီးလောင်ဆုံးရှုံးသွားတာဟာ စစ်ကောင်စီ၏ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ဖျက်ဆီးတာလို့ မွန်ပြည်သစ်ပါတီ NMSP-AD ဒု အဖွဲ့ ခေါင်းဆောင် (၁) နိုင်ဗညားလယ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်တာတွေမရှိပဲ စစ်ကောင်စီတပ်ရဲ့ ဂျိုင်းမြစ်မှာရှိတဲ့ စစ်သင်္ဘောကနေ ဓမ္မသရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင် ပျက်စီးခဲ့ရပါတယ်။
NMSP-AD ဒု အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်ကတော့ “အခု စစ်တပ်လုပ်နေတဲ့ နည်းက ကျနော်တို့ လူမျိုး တမျိုးတည်းကို မဟုတ်ဘူး။ ဗမာဒေသတွေမှာရောပဲ။ သူတို့ကို ဆန့်ကျင်ရင် မီးရှို့ ဖျက်စီး သတ်ဖြတ်တာတွေက တနိုင်ငံလုံးမှာ တွေ့နေရတာ။ အခု ကျနော်တို့ သူတို့ကို ဆန့်ကျင်ရင် ကျနော်တို့ဒေသမှာလဲ ကြုံလာရမှာ” ဟု ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ကော့ဘိန်းနယ်မြေရဲစခန်းကို NMSP-AD က အခြားတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပါဝင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် ဓမ္မသ အနီးဝန်းကျင်က ရွာတွေဖြစ်တဲ့ ကော့ဘိန်း ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်း ကော့ပနောနဲ့ အင်ဂစင် စတဲ့ရွာတွေထဲကို စစ်ကောင်စီဘက်က လေတပ်နဲ့ ဗုံးကြဲတာ၊ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်အောက်က တပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေ ထိခိုက် မီးလောင်ပျက်စီးတာတွေမကပဲ ဒေသခံ ပြည်သူအများအပြားဟာလည်း ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။
“အခု (ရတခ) တိုင်းမှုးက ဒီဒေသက မဟုတ်တာလည်းပါတယ်။ တော်လှန်ရေးမှာ မွန်ပါလာတော့ သူတို့ကို ဆန့်ကျင်ရင် မွန်လူမျိုးတွေရဲ့ အိုးအိမ်စည်းစိတ်တွေ ဘယ်လိုတွေ ဆုံးရှုံးမယ်ဆိုတာကို နမူနာ စံပြအနေနဲ့ ပြပြီးတော့ AD ကို မွန်လူထူတွေ အားမပေးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရွာကို မီးရှို့သွားတာပါ” ဟု နိုင်ဗညားလယ်က ဆက်ပြောပါတယ်။
လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှုးအဖြစ် အသစ်ခန့်အပ်လိုက်တဲ့ ဗိုလ်မှူးချုပ် ကျော်လင်းမောင်ဟာဆိုရင် စစ်တက္ကသိုလ် အပတ်စဉ် ၄၀ (DSA 40) ကျောင်းဆင်းဖြစ်ပြီး မတ်လ (၁၉) ရက်ကမှ မော်လမြိုင် (ရတခ) ကို ပြောင်းရွေ့ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။
မွန်နဲ့ ကရင်ဒေသက ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ရေးတာဝန်တွေကို တာဝန်ယူ ကိုင်တွယ်ရတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုးနေရာကို ဗိုလ်မှုးချုပ် ကျော်လင်းမောင် ပြောင်းရွေ့ရောက်ရှိလာကတည်းက မွန်ရော ကရင်မှာပါ ပစ်ခတ်မှု ဖြစ်တာနဲ့ လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာတွေ ပိုမိုပြုလုပ်လာပါတယ်။
တစ်ဖက်မှာလဲ စစ်အာဏာရှင် တိုက်ဖျက်နိုင်ရေးအတွက် NMSP-AD အမည်ဖြင့် မွန်နဲ့ကရင်က တော်လှန်းရေး အင်အားစုတွေနဲ့လက်တွဲပူးပေါင်းပြီး တိုက်ပွဲဝင်ဖော်ဆောင်မှုတွေ စတင်ပြုလုပ်လာပြီးဖြစ်တာကြောင့် မွန်ဒေသမှာ စစ်မျက်နှာ ပိုမိုကြီးထွားလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ထို့ကြောင့် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ကျိုက်မရောက တိုက်ပွဲအခြေအနေတွေကို ကြည့်မယ်ဆိုရင် မုဒုံ၊ သံဖြူဇရပ်၊ ရေး စတဲ့ ဒေသက ပြည်သူတွေလဲ ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ AFP သတင်းထောက်တစ်ဦးဖြစ်တဲ့ နိုင်လဝီဝမ်းက သတိပေးပြောဆိုထားပါတယ်။
“အခုချိန်မှာ အားလုံးသတိထားရမယ်။ ကြာလာရင် ကျွန်တော်တို့မွန်ဒေသဟာ စစ်မျက်နှာအကြီးကြီးဖြစ်လာနိုင်တယ်။ အကောင်းဆုံးကတော့ ကိုယ့်လုံခြုံရေးအတွက်ရော ကိုယ့်ရပ်ရွာအတွက်ရော မီးဘေးအတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ်” ဟု နိုင်လဝီဝမ်းက ပြောပါတယ်
မွန်ဒေသတွင်းက ပြည်သူတွေနဲ့ မွန်ပြည်သူတွေကို ကာကွယ်ဖို့နဲ့ မွန်လူမျိုးတွေ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့အတွက် ပန်းတိုင်ရောက်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ NMSP-AD က ဆိုပါတယ်။
ကျိုက်မရောက မွန်လူမျိုးတွေရဲ့ ဝမ်းနည်းပူဆွေးနာကျည်းမှုတွေကို ခွန်အားအဖြစ် ပြောၚ်းလဲပြီး စုပေါင်းအင်အားနဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့လည်း မတ်လ (၂၈) ရက်နေ့က ဓမ္မသရွာ မီးလောင်သွားတဲ့အပေါ် ထုတ်ပြန်ကြေငြာချက်မှာ ရေးသားဖော်ပြ ထားပါတယ်။