Saturday, April 11, 2026
More
    spot_img
    Homeသတင်းနိုင်ကျဉ်း ၂ ဦး အပြင်ခေါ်ထုတ်ခံရပြီးနောက် ၁ ဦး သတ်ဖြတ်ခံရကာ ၁ ဦး ပျောက်ဆုံးနေ

    နိုင်ကျဉ်း ၂ ဦး အပြင်ခေါ်ထုတ်ခံရပြီးနောက် ၁ ဦး သတ်ဖြတ်ခံရကာ ၁ ဦး ပျောက်ဆုံးနေ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၂ ဦးကို ရဲတပ်ဖွဲ့ဝင်များမှ ထောင်ပြင်ပသို့ ခေါ်ထုတ်သွားပြီးနောက် ၁ ဦး သတ်ဖြတ်ခံရကာ၊ ကျန် ၁ ဦး သတင်းမရဘဲ ပျောက်ဆုံးနေကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့ထံမှ သိရသည်။

    မတ်လ ၁၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ရဲတပ်ဖွဲ့မှ သက်သေခံပစ္စည်းလိုက်ပြမည်ဟုဆိုကာ လာရောက်ခေါ်ထုတ်သွားခဲ့သည်။

    ရဲတပ်ဖွဲ့မှ ထိုသို့ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ကိုဝင်းသီဟကို ထွက်ပြေးရန်ကြံစည်ဟုဆိုပြီး ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း PPNM က ဆိုသည်။

    ကိုဝင်းသီဟ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပေးသည့်အကြောင်းပြချက်သည် ခိုင်လုံမှုမရှိကြောင်း PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

    “စစ်ကောင်စီရဲ့အကြောင်းပြချက်က လုံးဝ ယုတ္တိမရှိဘူး။ ခိုင်လုံမှုမရှိဘူးလို့ပဲ ကျွန်တော်တို့ကပြောချင်ပါတယ်။ လူတစ်ယောက်ကို သတ်ဖြတ်ဖို့ဆိုရင် ထွက်ပြေးရန်ကြံစည်လို့ ခြောက်လှန့်ပစ်ခတ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်လာတဲ့လူကလည်း မနည်းတော့ဘူးပေါ့နော်။ ဒါဇင်နဲ့ချီလာပြီ” ဟု ၎င်းက ပြောသည်။

    ကိုဝင်းသီဟသေဆုံးမှုကို အကျဉ်းထောင်ဘက်မှ မိသားစုထံအကြောင်းကြားခဲ့ခြင်းလည်း မရှိဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

    အသက် ၃၅ နှစ် အရွယ် ကိုဝင်းသီဟကို စစ်တပ်က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခံထားရသည်။

    ကိုဝင်းသီဟနှင့်အတူ ခေါ်ထုတ်ခံရသည့် အခြားနိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်ပြီး မည်သည့်သတင်းမျှ မကြားရသေးပေ။

    ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်မှ တိုက်ပိတ်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks