မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာထဲကို ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်က ယနေ့ မတ်လ ၂၈ ရက်နေ့တွင်လည်း လက်နက်ကြီးဖြင့် ထပ်မံရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံအမျိုးသမီး ၁ ဦး လက်တွင် ကျည်စထိမှန်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးလည်း မီးထပ်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရေတပ်ကနေ ရွာထဲကိုပစ်နေတာ ဒီနေ့မှာပဲ ၃ လုံး ၄ လုံးလောက်ရှိတယ်။ လယ်ကွင်းဘက်မှာလည်း ကျတယ်။ မနက် ၁၀ နာရီလောက်မှာ စစ်ဘေးရှောင်နေတဲ့နေရာမှာ ၁ လုံးကျတယ်။ ညနေလောက်မှာ ၃ လမ်းမှာ ထပ်ကျတော့ နေအိမ် မီးထပ်လောင်” ဟု ၎င်းက ပြောသည်။
ကျည်စထိမှန်ဒဏ်ရာရရှိထားသော အမျိုးသမီးကို အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တို့က ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။
စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျကွဲမှုကြောင့် မတ်လ ၂၇ ရက်နေ့ ညနေက ဓမ္မသရွာတွင် နေအိမ် ၃၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်။
