Homeသတင်းကျိုက်ဒုံ မဲသရောထစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေး

ကျိုက်ဒုံ မဲသရောထစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေး

-

ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ စကခ (၁၉) လက်အောက်ခံ ခမရ ၅၅၇/၅၅၈ တပ်သားများ အထိုင်ချတပ်စွဲထားသည့် မဲသရောထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တို့က မတ်လ ၁၅ ရက်နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး သက်နိုင်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ လက်နက်ချအညံ့ခံခဲ့သည်ဟု ဆိုသည်။

မတ်လ ၁၈ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီစခန်းကုန်းကို ထိုးစစ်ဆင်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်းကုန်းကို မီးရှို့ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယင်းနောက် မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီထပ်မံအချေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းကို ပိတ်ဆို့တိုက်ခိုက်ရာမှ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် စခန်းကုန်းကို ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားရုပ်အလောင်း ၅ လောင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် ၆၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိသော စစ်ကောင်စီတပ်သား ၅၀ ဦးခန့်က ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထွက်ပြေးခဲ့သည်ဟု SOF က ထုတ်ပြန်ထားသည်။

KNLA နှင့် ပူးပေါင်းတပ်တို့က နယ်မြေရှင်းလင်းလျက်ရှိပြီး မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်ကို နယ်မြေစိုးမိုးထားကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts