မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားရကြောင်း သိရသည်။
မတ်လ ၁၈ ရက်နေ့ နနက် ၇ နာရီအချိန်ခန့်က အမှတ် ၆၈၆ အစုန် ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြား အရောက်တွင် မိုင်းထောင်ဖောက်ခွဲခံရခြင်းဖြစ်သည်။
မိုင်းခွဲခံရမှုကြောင့် ရထားလမ်း ပေ ၂၀ ခန့် ပျက်စီးသွားသလို ရထားတွဲဆိုင်း ၅ တွဲ တိမ်းမှောက်သွားပြီး တွဲဆိုင်း ၂ တွဲ လမ်းချော်သွားသည်ဟု သိရသည်။
ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ်နှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို မတ်လ ၁၉ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းသွားမည်ဟု မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။
ရထားခရီးစဉ်များ ယာယီဖျက်သိမ်းလိုက်သည့်အတွက် လက်မှတ် ဝယ်ယူထားသော အထက်တန်း/ရိုးရိုးတန်း လက်မှတ်ခငွေများကို မော်လမြိုင်ဘူတာကြီးက နေ့ချင်းလက်မှတ်ရုံတွင် နံနက် ၆ နာရီမှစ၍ ပြန်အမ်းပေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် မိုင်းခွဲခံထားရသည့် ရထားလမ်းပိုင်းကို မြန်မာ့မီးရထားက ပြန်လည်ပြင်ဆင်လျက်ရှိပြီး ရထားပြန်လည်ပြေးဆွဲနိုင်မည့်ရက်ကို ပြန်လည် အသိပေးကြေငြာသွားမည်ဟုလည်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အတွင်းက ရထားလမ်းလမ်း မကြာခဏမိုင်းခွဲဖျက်ဆီးခံရလေ့ရှိသည်။