spot_img
Tuesday, February 11, 2025
More
    spot_img
    Homeသတင်းမွန်လက်နက်ကိုင်တော်လှန်ရေးကို အသက်ပြန်သွင်းခဲ့တဲ့ NMSP-AD

    မွန်လက်နက်ကိုင်တော်လှန်ရေးကို အသက်ပြန်သွင်းခဲ့တဲ့ NMSP-AD

    -

     ရေးသားသူ – ရွေရိုး

    တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေထဲက မွန်ပြည်သစ်ပါတီဟာ နှစ်ပေါင်း ၇၅ နှစ်ကျော် နိုင်ငံရေးဩဇာနှင့် တော်လှန်ရေး အတွေ့အကြုံရှိနေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

    စစ်အာဏာသိမ်းကာလအတောအတွင်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် မွန်ပြည်သစ်ပါတီက ၂၀၂၄ ခုနှစ်အရောက်မှာ နှစ်ဖွဲ့ကွဲပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အမည်ဖြင့်       မွန်လက်နက်ကိုင်တော်လှန်ရေး၏ အသက်သွေးကြောကို တဖန်ပြန်လည်အသက်သွင်းခဲ့ခြင်းပင်ဖြစ်သည်။

    NMSP-AD သန္ဓေတည်ခြင်းအစ

     ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ညီလာခံအတွင်း စစ်အာဏာရှင်ကို တိုက်ဖျက်ရန်နှင့်  ငြိမ်းချမ်းရေးအတိုင်း ဆက်လက်ဆွေးနွေးရန်ဆိုပြီး ထိပ်ပိုင်းခေါင်ဆောင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

    ယင်းကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာ စစ်အာဏာရှင်ထုတ်ဖျက်ရေးအတွက် ကွဲထွက်လာသည့် မွန်ပြည်သစ်ပါတီက သဘောထားထုတ်ပြန်ချက်တရပ် စတင်ထုတ်ပြန်လာခဲ့သည်။

    အဆိုပါ ထုတ်ပြန်ချက်မှာ ပါရှိတဲ့အတိုင်း (၁၁) ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံမှာ အကျေအလည်ဆွေးနွေးခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ် နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ်  Bilateral Ceasefire Agreement  အတိုင်း ရပ်တည်ပြီး စစ်ကောင်စီနှင့် ဆက်လက် ဆက်ဆံသွားရန် ဆုံးဖြတ်ထားသည်ကို လုံးဝလက်မခံသည့်အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်ဖြင့် မိခင်ပါတီကနေ ခွဲထွက်လိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

    “အဲဒီညီလာခံက ဆုံးဖြတ်ချက်တွေ ကျနော်တို့က လက်မခံတော့  ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့   ကျနော်တို့လမ်းကို ကျနော်တို့ဖောက်ပြီးတော့ စကစကို တော်လှန်ဖို့ ရည်ရွယ်ချက် ရပ်တည်ချက်တွေ တူညီတဲ့ ပါတီခေါင်းဆောင်တွေ ဗိုလ်ချုပ်တွေ တပ်မှူးတွေ တပ်သားတွေစုပြီးတော့ ဒီလို ခွဲထွက်လိုက်တာဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဒု-အဖွဲ့ခေါင်းဆောင်(၁) နိုင်ဗညာလယ်က ပြောကြားသည်။

    ၂၀၁၂ ခုနှစ် နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားမည်ဆိုပါက အပစ်ခတ်ရပ်ဆဲရေးအဆင့်လောက်သာ ရှိပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်ကြောင်း ဒု-အဖွဲ့ခေါင်းဆောင်(၁) နိုင်ဗညာလယ်က ထောက်ပြထားသည်။

    မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က စစ်ရေးဖော်ဆောင်သည့်အချိန်မှာ မွန်ပြည်နယ်မှာ ရှိနေသည့် ပြည်သူများအနေဖြင့် ရိုက်ခတ်မှုများ ရှိနေနိုင်ပြီး ကိုယ့်နေရာ ဒေေသတွေမှာ လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရန်နှင့် စစ်ရေးတင်းမာမှုဖြစ်ပေါ် လာပါက မွန်ပြည်သူများအတွက် ခိုလှုံရန်အတွက် လုံခြုံသည့်နေရာကို စီစဉ်ဆောင်ရွက် ထားကြောင်းလည်း နိုင်ဗညာလယ်က ဆက်လက်ပြောကြားသည်။

    NMSP-AD ၏ စုဖွဲ့မှု

    လက်ရှိ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က နိုင်ဇေယျ (အဖွဲ့ခေါင်းဆောင်)၊ နိုင်ဗညာလယ်(​ဒု-အဖွဲ့ခေါင်းဆောင်(၁)၊ နိုင်လယီဂကောင်း(ဒု-အဖွဲ့ခေါင်းဆောင်(၂)၊ နှင့် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးချူပ် စလွန်းထော၊ နိုင်ကြည်စန်း၊ နိုင်ဗညားမွန်၊ နိုင်ဗညာမဲ့စန်း၊ နိုင်သူရဌေး၊ နိုင်ကောင်းစကား၊ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံအဖြစ် မိရော့ချမ်း စသည့် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသောခေါင်းဆောင်များ တပ်ဗိုလ်၊ တပ်မှူး၊ တပ်ကြပ်၊ တပ်သားများ၊ မျိုးချစ်ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားသည်။

    “တော်လှန်ရေးအားကောင်းလာစေဖို့ လူငယ်မျိုးဆက်သစ်တွေ ပါဝင်ပေးဖို့   အရေးကြီး တယ်။ လူငယ်တွေအနေနဲ့လည်း တော်လှန်ရေးအင်အားစုတွေမှာ ပါဝင်ပူးပေါင်းပေးဖို့ အရေးကြီးတဲ့အချိန်ဖြစ်နေပြီ” ဟု နိုင်ဗညာလယ်က တိုက်တွန်းထားပါတယ်။

    မွန်ပြည်သူများနှင့် မွန်လူငယ်များ တော်လှန်ရေးအတွက် ဇဝေးဇဝါးဖြစ်နေသည့် ကြားကာလမှာ မွန်ပြည်သစ်ပါတီက ခွဲထွက်သွားသော ခေါင်းဆောင်များနှင့် မိခင်ပါတီထံ ပြန်လည်ပေါင်းစည်းရေးအတွက် မွန်သံဃာတော်များနှင့် မွန်ပြည်သူများ ဝိုင်းဝန်းကူညီအားထုတ်ပေးကြရန် မွန်ပြည်သစ်ပါတီက စာထုတ်ပြန်ခဲ့သည်။

    NMSP-AD စစ်ရေးနိုင်ငံရေး လှုပ်ရှားမှုအချို့ စတင်လာ

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး  တော်လှန်ရေးလုပ်ငန်းစဉ်များ လက်တွဲ ဆောင် ရွက်နိုင်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် ကနဦးတွေ့ဆုံဆွေးနွေးကြပါသည်။

    နှစ်ဘက်ခေါင်းဆောင်များအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာသောမဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊သံတမန်ရေး စသည့်ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် သဘောတူခဲ့ကြသလို မဟာမိတ်ဆိုင်ရာပူးပေါင်းဆောင် ရွက်မှုအားလုံးအတွက် စဉ်ဆက် မပြတ် ဆွေးနွေးဆောင်ရွက်သွားကြရန်လည်း သဘောတူညီမှုများ ရှိခဲ့ကြသည်။

    ဖေဖော်ဝါရီလ ၂၄ ရက်မှာ ကြာအင်းဆိတ်ကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ လက်ရှိတော်လှန်ရေး၊ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး မွန်လူငယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးအဖွဲ့များ၊ ဒေသခံပြည်သူများ (၁၀၀) ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

    မတ်လ ၂ ရက်နေ့မှာ ပထမဦးဆုံးလှုပ်ရှားမှုအဖြစ်  မုဒုံမြို့နယ်၊ ကော့ခပီထောကျေးရွာနှင့် ကမာဝက်မြို့ရှိ စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် လုပ်ကိုင်နေကြသည့် ပြည်သူ့စစ်များကို ဖမ်းဆီးခဲ့ပြီး လက်နက်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီမှ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖြက်ရေး) အဖွဲ့နှင့်ဆက်စပ်သည့် မိသားစုဝင်(၃)ဦးကိုလည်း မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အမြှောက်တပ်မှာ ဖမ်းဆီးထားသည့်ဖြစ်စဥ်များ ရှိခဲ့သည်။  

    မတ်လ ၁၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းပြီး တံခွန်တိုင်ကျေးရွာမှာ တပ်စခန်းချထားသည့် စစ်ကောင်စီကို တိုက်ခိုက်ခဲ့သလို မတ်လ ၁၄ ရက်နေ့မှာလည်း ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာမှာ တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    မတ်လ ၁၄ ရက်နေ့မှာပင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ရရှိထားသော သတင်းများအရ ကမာဝက်ရဲတပ်ဖွဲ့က စခန်းမှူးအပါအဝင် စစ်ကောင်စီ တပ်များပါ စီးနင်းလာသည့် သံဖြူဇရပ်မှ ကမာဝက်သို့ ပြန်နေစဉ် မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာနှင့် ကွမ်းလှာကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ရဲကားကို မီးရှို့ဖျက်ဆီးခဲ့ကာ လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရခဲ့သည်။

    စစ်မှုထမ်းရေးနှင့် NMSP-AD

    စစ်ကောင်စီသည် ပြည်သူများကို အသုံးချရန်အတွက် မတရားသည့် ဥပဒေတရပ်ဖြစ်သည့် စစ်မှူထမ်းရန် ဥပဒေကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေချိန်မှာပင် ပြည်သူများနှင့် လူငယ်များကို စိုးရိမ်နေကြပြီး လူငယ်များကို စုစည်းပေးရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချူပ်ရေးမှူးများထံ စစ်ကောင်စီက ညွှန်ကြားထားပြီးဖြစ်သည်။  

    ထိုညွှန်ကြားချက်ကြောင့် မိမိတို့ စစ်ကောင်စီကို တိုက်ထုတ်နေသည့်အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီကို အားဖြည့်ပေးနေသည့်လုပ်ရပ်များကို မလုပ်ဆောင်ကြရန်နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က မွန်ပြည်နယ်ရှိ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး အစရှိသည့်မြို့နယ်များကို ညွှန်ကြားထားသည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းရန် ညွှန်ကြားချက်ကို ကျေးရွာအုပ်ချုပ်ရေးမှုများ အကောင်အထည်ဖော်မည်ဆိုပါက မည်သည့်ကျေးရွာအုပ်ချူပ်ရေးမှူးမဆို ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့၏ ညွှန်ကြားချက်မှာ ရေးသားဖော်ပြထားသည်။

    “ကျနော်တို့က ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ လူငယ်တွေလည်း မပါချင်နေကြဘူး။ သူတို့ကတော့ ဗမာစစ်တပ်ထဲဝင်ရမယ့်အစား မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကိုပဲ ဦးတည်နေကြတယ်။ သူတို့က အခြေအနေကြည့်ကြတယ်၊ လူငယ်တွေကို စစ်မှူထမ်းဖို့ခေါ်ရင်လည်း သူတို့က တော်လှန်ရေးအဖွဲ့အစည်းထဲ သွားဖို့ ပြင်ဆင် နေကြတယ်” လို့ မုဒုံမြို့နယ် ကျေးရွာအုပ်ချူပ်ရေးမှူးတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်ရှိ လူငယ်များသည် စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံခြားသို့ တရားဝင်သောနည်းလမ်းနှင့် တရားမဝင်သောနည်းလမ်းများဖြင့် ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့လူငယ်များသည် စစ်ကောင်စီကို ပြန်တိုက်ထုတ်ရန်အတွက် တော်လှန်ရေးအဖွဲ့အစည်းများထံ သွားရောက်ရန် ပြင်ဆင်မှုများ ရှိနေကြပြန်သည်။

    “ကျနော်ကတော့ စောင့်ကြည့်နေမှာပဲ ဘာလို့ဆို မွန်ပြည်သစ်-ADက ထုတ်ပြန်ထား တယ်လေ၊ သူတို့က ကျနော်တို့ဘက်မှာ ရှိတယ်၊ အုပ်ချုပ်ရေးမှူးက အတင်းခေါ်ရင် AD ဆီသွားပြီး လက်နက်ကိုင်ပြီး ပြန်တိုက်မယ်” ဟု သံဖြူဇရပ်မြို့နေ မင်းဇေက ပြောသည်။

    မွန်လူထုတို့၏ ထောက်ခံကြိုဆိုမှုအခြေအနေများ

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က တော်လှန်ရေးအဖွဲ့များနှင့် စစ်ရေးကိစ္စရပ်များကို တဆင့်ခြင်း အကောင်အထည်ဖော်နေသည့်အတွက် မွန်လူငယ်များနဲ့ မွန်ပြည်သူများက ထောက်ခံနေကြသည်။

    “အမှန်အတိုင်းပြောရရင် ကျနော်တို့လူငယ်တွေက မွန်ပြည်သစ်ရဲ့ခြေလှမ်းတွေကို စောင့်ကြည့်နေကြတာပါ။ ဒီလိုအကောင်အထည်ဖော်လာတော့ ကျနော်တို့က ထောက်ခံ တယ်၊ ပါဝင်သွားဖို့လည်း ကြိုတင်ပြင်ဆင်နေတယ်”လို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ မင်းညီညီက ပြောသည်။

    မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့သည် နိုင်ငံရေးနှင့် စစ်ရေးအရ အတွေ့အကြုံရှိသည့်ခေါင်းဆောင်များဖြစ်သည့်အတွက် မိမိတို့လူငယ်များအနေဖြင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ကို ပါဝင်အားဖြည့်ပေးရန် တိုက်တွန်းလိုကြောင်း မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာနေ အမည်လွှဲ မင်းဗညာက ပြောသည်။

    မွန်ပြည်သစ်ပါတီက ကွဲသည်ဖြစ်စေ မကွဲသည်ဖြစ်စေ မိမိတို့မွန်လူမျိုးမှာ တော်လှန်ရေးနှင့် နိုင်ငံရေးဩဇာရှိနေသည့်အဖွဲ့ဖြစ်နေသည့်အတွက် လက်ရှိပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးကိစ္စရပ်များအားလုံးကို မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တရိုက်ဖျက်ရေး)အဖွဲ့ထုတ်ပြန်ချက်များကိုသာ အခြေအနေစောင့်ကြည့် နေကြောင်း သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာနေ အသက် ၆၈ နှစ် အမည်လွှဲ  နိုင်ချစ်က ဆိုသည်။

    “ကျနော်တို့မွန်တွေက သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာပဲ သတိထားပြီး စောင့်ကြည့်နေတယ်။ သူတို့ပဲ ကျနော်တို့အတွက် အားကိုးအားထားရမယ့်အဖွဲ့တွေဖြစ်တယ်၊ အဲတော့   သူတို့အကောင်အထည်ဖော်မယ်ဆိုရင် ကျနော်တို့ ပြည်သူတွေက နိုင်တဲ့ဘက်ကနေ ကူညီသွားဖို့ရှိတယ်။ အမျိုးသားရေးတာဝန်က လူတိုင်းမှာ တာဝန်ရှိတယ်”လို့ နိုင်ချစ်က ထောက်ပြပြောဆိုသည်။

    စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေးဦးတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။  

    မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ကို ထောက်ခံကြိုဆိုကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊  မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ မွန်ပြည် ကာကွယ်ရေးတပ်၊ အာဏာရှင်ဟူသမျှ တော်လှန်သောမွန်လူငယ်အင်အားစု၊ မွန်ပြည်လွတ်မြောက်ရေးတပ်မတော်တို့က အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

    ဒါ့အပြင် ပြည်ပရောက် မွန်လူမှုအဖွဲ့အစည်းများကလည်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ကို ထောက်ခံကြိုဆိုသည့် ထုတ်ပြန်ကြေညာချက်များ အသီးသီး ထုတ်ပြန်လာကြသည်ကိုလည်း တွေ့ရသည်။

    ထိုကြောင့် စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေသည့်အပြင် ပြည်တွင်း၊ ပြည်ပက တိုင်းရင်းသားပြည်သူများ၏ တစုတစည်းအားဖြင့် ကန့်ကွန်ရှုံ့ ချမှုကြောင့် ထောက်ခံမှု အားလျော့နေသည့် စစ်ကောင်စီကို တော်လှန်ရန် အချိန်အခါကောင်းတစ်ခုဖြစ်သည်။ 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts