မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို ဖြတ်သန်းသွားလာနေသည့် ဒေသခံအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ချောင်းတောင်ဒေသခံတစ်ဦးက ပြောသည်။
“စစ်ဆေးရေးဂိတ်က စစ်သားနှစ်ယောက်သေသွားတယ်ကြားတယ်။ နောက် အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရသွားတယ်။ အမျိုးသမီးက ချောင်းတောင်ကပဲ၊ ပေါင်မှာ ထိသွားတယ်” ဟု ၎င်းဒေသခံက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုးသမီးကို ရေးခရိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကျည်ထိမှန် ဒဏ်ရာရရှိသွားသည့် အမျိုးသမီးသည် ချောင်းတောင်ရွာဘက်မှ ရေးမြို့ဘက်သို့ ဆိုင်ကယ်ဖြင့် ချောင်းတောင်တံတားဖြတ်သည့်အချိန်တွင် တံတားဂိတ်ကို ပစ်ခတ်သည့်အချိန်နှင့် တိုက်ဆိုင်သွားသည့်အတွက် ကျည်ထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
“ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေး အကောင်အထည်ဖော်တော့မည်ဖြစ်သည့်အတွက် ပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီလူးအဖွဲ့က ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။
“ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေးအဖွင့်အနေဖြင့် ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
မွန်ပြည်နယ်အတွင်း အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် ပြည်သူများ အသွားအလာ သတိပြုကြရန်လည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။


