Homeသတင်းမြဝတီတိုက်ပွဲအတွင်း လက်နက်ကြီးထိပြီး အမျိုးသမီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

မြဝတီတိုက်ပွဲအတွင်း လက်နက်ကြီးထိပြီး အမျိုးသမီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

-

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရွာသစ်နှင့် မဲကနယ်ကျေးရွာအနီးဝန်းကျင် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မတ် ၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ သင်္ကန်းညီနောင်ကျေးရွာရှိ ခမရ – ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများအပြင် လေကြောင်းပစ်ကူမှုများလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာသစ်ကျေးရွာ၊ (၉၁၁) ဝန်းနေ အသက် ၃၇ နှစ်အရွယ် မဇင်မာထွန်း သေဆုံးသွားခဲ့ပြီး၊ အသက် ၃၃ နှစ်အရွယ် ကိုဆန်းထွန်း၊ အသက် ၂၅ နှစ်အရွယ် ကိုချစ်မိုးနှင့် အသက် ၂၁ နှစ်အရွယ် ကိုချစ်နိုင်တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“တိုက်ပွဲတွေဖြစ်နေတော့ သူတို့ ၄ ယောက်က အဲ့ဒီ (၉၁၁) ဝန်းထဲကနေ ရွာထဲကို လမ်းလျှောက်ပြန်လာတဲ့အချိန်မှာ သူတို့အနီး လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခံလို့ ထိခိုက်သေဆုံးခဲ့ကြရတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန်သေဆုံးသူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က မြဝတီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းနှင့် ဒဏ်ရာများရရှိခဲ့သူ အမျိုးသား ၃ ဦးလည်း စိုးရိမ်သည့်အခြေအနေရှိကြောင်း သိရသည်။

ယနေ့ မတ်လ ၈ ရက်နေ့ မွန်းတည့်အချိန်အထိ သင်္ကန်းညီနောင်၊ ရွာသစ်၊ မဲကနယ်နှင့် မြဝတီကုန်သွယ်ရေးဇုန်အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းနှင့် သင်္ကန်းညီနောင်ဘက်မှစတင်ကာ ကားလမ်းများပိတ်ထားကြောင်း ဒေသခံတို့က ဆိုသည်။

တိုက်ပွဲကြောင့် မြစန္ဒီ၊ ရွာသစ်၊ ရှမ်းစု၊ မဲကနယ်၊ မြေနီကုန်း အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၁၀၀၀ ကျော်သည် မြဝတီမြို့ဘက်သို့ အရေးပေါ်တိမ်းရှောင်နေကြရကြောင်း မြဝတီမြို့ခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts