Homeသတင်းလမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ပဲတီစိမ်းဈေးနှုန်း ကျဆင်း

လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ပဲတီစိမ်းဈေးနှုန်း ကျဆင်း

-

ပို့ဆောင်ဆက်သွယ်ရေး အခက်ခဲကြောင့် မွန်ပြည်နယ်ထွက် ပဲတီစိမ်းဈေးနှုန်း ကျဆင်းနေသည်ဟု ပဲ ၊နှမ်းလုပ်ငန်းရှင်တို့ထံမှ သိရသည်။

မွန်ပြည်နယ်ထွက် ပဲတီစိမ်းကို အဓိကတင်ပို့နေသည့် ရှမ်းပြည်နယ် မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရက်ရှည်ကြာပိတ်ထားခြင်းကြောင့် အရောင်းအဝယ်မသွက်ဘဲ ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းနှင့်ယှဉ်လျှင် ပဲတီစိမ်းဈေးနှုန်း တစ်တင်းကျပ် ၅၀၀၀ အထိ လျှော့ကျလာသည်ဟု မော်လမြိုင်မြို့မှ ပဲ၊နှမ်းလုပ်ငန်းရှင် ဦးကျော်မြင့်ခိုင်က ဆိုသည်။

“ လမ်းကသွားလို့ သိပ်အဆင်မပြေဘူးလေ နယ်စပ်ရောက်ဖို့က ကားက ရက် ၂၀လောက်ကြားတယ် ဆုတ်လို့လည်းမရဘူး သွားလို့လည်းမရဘူး ပုံမှန်သွင်းနေကြ ၊ရေကြောင်းကလည်း ကုန်ကျစရိတ်ကြီးတယ် အခုကုန်းလမ်းကလည်း အဆင်မပြေဘူး ပဲတီစိမ်း အားလုံးဈေးကျ တစ်တင်းကို ၅၀၀၀လောက်ကျတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ် မော်လမြိုင်ကုန်စည်ဒိုင်မှ ဈေးနှုန်းဖော်ပြချက်အရ ပဲတီစိမ်းတစ်တင်း ၆၅၀၀၀ ကျပ် ဈေးရှိခဲ့ပြီး ယနေ့မတ်လ(၈) ရက်နေ့တွင် တစ်တင်း ၅၈၀၀၀ ကျပ် ပေါက်ဈေးရှိနေသည်။

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို တိုက်ပွဲဖြစ်ပွဲမှုအခြေအနေကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ပိတ်ထားပြီးနောက် တောင်ကြီး – မိုင်းလားမြို့လမ်းကြောင်းနှင့်သာ ပို့ဆောင်သွားလာနေကြောင်း သိရသည်။

“ တောင်ကြီး – မိုင်းလား လမ်းကနေ သွားရတယ်လေ အဲလမ်းလည်း ကြပ်တယ် ဖရဲသီးကားတွေ သွားတယ် ကုန်စိမ်းကားတွေ သွားတယ် တစ်လမ်းထဲသွားကြတဲ့အခါကြတော့ အဆင်မပြေဘူး Business Road မှမဟုတ်တာ ကားကြီးတွေ ၁၂ဘီးကားတွေ သွားဖို့ဆိုတာ အကန့်အကတ်ရှိတယ် ဒါပေမဲ့အဆင်ပြေအောင်သွားနေရတော့ လမ်းခရီးက ကြန့်ကြာမှုဖြစ်နေတာပေါ့”ဟု ဦးကျော်ခိုင်မြင့်က ဆက်ပြောသည်။

လတ်တလောတွင် ပဲတီစိမ်းအရောင်းဝယ် ကျဆင်းလျှက်ရှိပြီး မွန်ပြည်နယ်ထွက် အရည်သွေးကောင်း ပဲတီစိမ်း (လက်ခူး)သာ အရောင်းဝယ်ရှိနေကြောင်း ဆိုသည်။

မွန်ပြည်နယ်ထွက် ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်းနှုန်းအထိ အဓိက ဝယ်ယူလျှက်ရှိပြီး ၁၀ ရာခိုင်းနှုန်းမှာ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ ဝယ်ယူလျှက်ရှိသည်။

ယခုနှစ် မွန်ပြည်နယ်တွင် ပဲစိုက်ပျိုးအား ကောင်းလာကာ ရာသီဥတုကောင်းမွန်မှုကြောင့် ပဲထွက်နှုန်းလည်း များလာပြီး လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ပဲတီစိမ်းဈေးနှုန်း ထပ်မံကျဆင်းမည်ကို ပဲစိုက်တောင်သူများ စိုးရိမ်နေကြသည်။

ပဲတီစိမ်းအပါအဝင် မတ်ပဲနှင့် နှမ်းမျိုးစုံကို မွန်ပြည်နယ် ၊ ကျိုက်ထို ၊ဘီးလင်း ၊သထုံ ၊ပေါင် ၊ကျိုက်မရော၊ချောင်းဆုံ ၊မော်လမြိုင်နှင့်မုဒုံ စသည့် မြိုနယ်တို့တွင် အဓိက စိုက်ပျိုးေနကြောင်းသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts