မွန်ပြည်နယ်အတွင်းရှိ စစ်အာဏာရှင် ထောင့်တိုင်များအနေဖြင့် အမြန်လက်နက်အပ်ကြဖို့ အသိပေးလိုသည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောလိုက်သည်။
၂၀၁၄ ခုနှစ်၊ မတ်လ ၂ ရက် (ယမန်နေ့) ညနေပိုင်း ၈ နာရီအချိန်ခန့်က မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်နှင့် ကော့ပီထော်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် (၃) ဦးတို့ကို လက်နက် (၁၅) လက်နှင့် ကျည်ဆံများအပါအဝင် သိမ်းဆည်းခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “အဓိကပေးချင်တဲ့ Message က ရန်သူ့ (စစ်အာဏာရှင်) ထောင့်တိုင်တွေအနေနဲ့ ကျွန်တော်တို့ဆီ လက်နက်အပ်ကြဖို့ပါ။ အဲဒီလိုမလုပ်ဘူးဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲ သက်ရောက်မှုတွေကို တာဝန်ယူရမှာဖြစ်တယ်၊ ကျွန်တော်တို့က တာဝန်ယူပေးနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။
ယမန်နေ့ ညနေပိုင်းအချိန်က ကော့ပီထော်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် နိုင်အဒမ်းနှင့် အဖွဲ့ဝင် နိုင်ငြိမ်ဦးတို့နှင့်အတူ လက်နက် (၉) လက်နှင့် စိန်တောင်ရပ်ကွက် ပြည်သူ့စစ်ခေါင်းဆောင် နိုင်ပန်းနှင့်အတူ လက်နက် (၆) လက်တို့ကို NMSP-AD တပ်ဖွဲ့ဝင်တို့က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။ျ
အဆိုပါ ဖြစ်စဥ်များနှင့် ပတ်သက်နေသည်ဟုဆိုပြီး ယမန်နေ့ ညပိုင်းအချိန်ကပဲ စစ်ကောင်စီတပ်လက်အောက်ခံ အမတ – ၃၁၈ (အဘစ်အမြှောက်တပ်ရင်း) မှ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှုးများနှင့်ပူးပေါင်းကာ NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ဝင်များနှင့် ဆွေးမျိုးမောင်နှမ နီးစပ်သူ အမျိုးသမီး (၃) ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
လက်ရှိအခြေအနေအရ NMSP-AD အဖွဲ့ဝင်များနှင့် မောင်နှမ၊ ဇနီးတော်စပ်သူ ကော့ပီထော်၊ တောင်ပနှင့် ကမာဝက်မြို့မှ အမျိုးသမီး ၃ ဦးတို့ကို အခြားအမျိုးသမီး ၁၀ ဦးခန့်တို့နှင့်အတူ အမတ-၃၁၈ အမြှောက်တပ်ရင်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။
