Homeသတင်းမုဒုံမြို့နယ် နွေရာသီမွန်စာပေသင်တန်း မတ်လပထမပတ်အတွင်း စတင်ဖွင့်လှစ်

မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်တန်း မတ်လပထမပတ်အတွင်း စတင်ဖွင့်လှစ်

-

မွန်ပြည်နယ် မုဒုံမြို့နယ်၏ မြို့နယ်အဆင့် နွေရာသီမွန်စာပေသင်တန်းကို လာမည့်မတ်လပထမအပတ်အတွင်း တိုက်နယ်အလိုက် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ သိရသည်။

ယခုနှစ်နွေရာသီ မွန်စာပေသင်တန်းကို မုဒုံမြို့နယ်အတွင်းရှိ တိုက်နယ်ပေါင်း ၁၀ နယ်ဖြင့် ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်ကြားပြသမည့် ဆရာ ဆရာမတို့ကိုလည်း စုဆောင်းလျှက်ရှိကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခြားနယ်တွေနဲယှဉ်ရင် မုဒုံမြို့နယ်ကနိုင်ငံရေးအခြေနေနဲ့ကနည်းည်းတော့ကင်းရှင်းတယ်။ ပြီးတော့ဒီနှစ်က အစိုးရကျောင်းကလည်းပိတ်စောတယ်။ နွေရာသီကျောင်းဖွင့်ဖို့က ဘာအခက်ခဲမှမရှိဘူးပေါ့။ ဆရာ၊ မတွေကလည်း ယခင်နှစ်ကအတိုင်းပဲ လုံလောက်မှုရှိမယ်လို့ မျော်လင့်ရတာပေါ့” ဟုဆိုသည်။

ထို့အပြင် ယခုနှစ် နွေရာသီမွန်စာပေသင်တန်း စောစီးစွာဖွင့်လှစ်နိုင်ခြင်းကြောင့် သင်ကြားမည့်အချိန် လုံလုံလောက်လောက် ရရှိမည်ဖြစ်ကြောင်းလည်း ဆိုသည်။

 မုဒုံမြို့နယ်အနေဖြင့် နွေရာသီမွန်စာပေသင်တန်းကို ဦးစွာဖွင့်လှစ်နိုင်သော်လည်း အခြားမြို့နယ်များ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ဖွင့်လှစ်ချိန် ကွဲပြားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“နိုင်ငံရေးအခြေနေအရ မုဒုံမြို့နယ်မှာက နွေရာသီမွန်စာပေသင်တန်းကို အဆင်ပြေစွာနဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြားမြို့နယ်တွေက ကျွန်တော်တို့ ပြောလို့မရသေးဘူး။ ဒီလာမည့် မတ်လ ၁ ရက်မှာ ကျင်းပတဲ့ မွန်ဒေသလုံးဆိုင်ရာစာပေနှင့်ယဉ်ကျေးမှုအစည်းဝေးကျင်းပပြီးမှ ကျွန်တော်အခြေနေသိရတာပေါ့”  ဟုဆိုသည်။

မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်တန်းဖြစ်မြောက်ရေးအတွက် သာယာကုန်း-တာပသွန်တိုက်နယ်၊ ကွေ့ဝမ်း-နိုင်ပြိုင်တိုက်နယ်၊ ကော့ခပုံ-ကွမ်တာတိုက်နယ်၊ ညောင်ကုန်းတိုက်နယ်၊ တော်ကူးတိုက်နယ်၊ နိုင်လှုံတိုက်နယ်၊ ကမာဝက်တိုက်နယ်၊ ကလောသော့တိုက်နယ်၊ ဒိုးမား-ဆက်သွယ်တိုက်နယ်၊ နှီးဗဒေေါတိုက်နယ်တို့ဖြင့်ဖွဲ့စည်းထားသည်။

ပြီးခဲ့သည့် မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်တန်းကာလတွင် ကျောင်းသူ/သားပေါင်း ၁၁၄၂၆ ဦး တက်ရောက်ခဲ့ပြီး သံဃာတော်နှင့်စေတနာ့ဝန်ထမ်း ကျောင်းဆရာ/မ ၄၇၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

နွေရာသီမွန်စာပေသင်တန်းကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ နှင့် အခြားမွန်လူမျိုးများစုဝေးရာ နေရာတို့တွင် သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts