Homeသတင်းမြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ဒုတိယအကြိမ် ထောင်ပြောင်းရွှေ့

မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ဒုတိယအကြိမ် ထောင်ပြောင်းရွှေ့

-

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ဒုတိယအကြိမ် ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။

မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀၊ အကျဉ်းသူ ၅၀ စုစုပေါင်း ၁၅၀ ဦးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က ကော့သောင်းအကျဉ်းထောင်သို့ သင်္ဘောဖြင့် ပြောင်းရွှေ့ခဲ့သည်ဟု ဆိုသည်။

PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက “ကျွန်တော်တို့ ကနဦးသိထားတာက နေ့ခင်းမှ ခေါ်ထုတ်မယ်ဆိုလို့ သတင်းထုတ်ပြန်ထားတာ။ အခု ပြန်မေးကြည့်တော့မှ မနက် အာရုံဦး ၃ နာရီလောက်က ခေါ်ထုတ်သွားပြီလို့ သိရတယ်။ မိသားစုဝင်တွေကတော့ စိုးရိမ်မှုတွေရှိနေကြတယ်။ ဝမ်းနည်းနေကြတယ်။ ကျွန်တော်တို့အနေနဲ့တော့ နီးစပ်ရာမိသားစုဝင်တွေကိုတော့ လှမ်းအကြောင်းကြားတာမျိုးရှိတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ခန့်ကို ပြောင်းရွှေ့ခဲ့သေးကြောင်၊ စုစုပေါင်းပြောင်းရွှေ့ခံရသူ ၂၅၀ အထိရှိလာပြီးဖြစ်သည်။

PPNM ၏ ပြောပြချက်အရ ယခုလအတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၅၀ ခန့်ကို ကော့သောင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ရန် စစ်ကောင်စီဘက်က စီစဉ်နေကြောင်း သိရသည်။

“ထောင်ပြောင်းရွှေ့တဲ့အခါမှာ အကျဉ်းသားတွေအနေနဲ့ ဟိုဘက်ကို ရုတ်တရက်ရောက်သွားတဲ့အခါမှာ အဆင်မပြေမှုတွေအများကြီးကြုံရမယ်။ အခက်အခဲတွေ အများကြီးကြုံရမယ်။ ပါဆယ်ပို့တာတွေ၊ သူတို့လိုအပ်မယ့်ပစ္စည်းတွေ ဆေးဝါးကအစပေါ့နော်၊ တရားဝင် သွင်းလို့မရပေမယ့်ပေါ့ မိသားစုဝင်တွေအနေနဲ့ စီစဉ်ပေးနိုင်ဖို့ပါ” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် မြိတ်အကျဉ်းထောင်အတွင်း လူဦးရေများနေသည်ဟုအကြောင်းပြကာ ထောင်ပြောင်းရွှေ့ခြင်းဖြစ်သော်လည်း စစ်ရေးအခြေအနေများကြောင့် ပြောင်းရွှေ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သူတို့က ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts