Homeသတင်းသထုံတွင် တွဲကားနှင့် ပရိုဘောက်စ်တိုက်မှုဖြစ် ခရီးသည် ၇ ဦး သေဆုံး

သထုံတွင် တွဲကားနှင့် ပရိုဘောက်စ်တိုက်မှုဖြစ် ခရီးသည် ၇ ဦး သေဆုံး

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၂၄။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာအနီး မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က တွဲကားနှင့် ပရိုဘောက်စ် တိုက်မိပြီး ပရိုဘောက်စ်ကားပေါ် လိုက်ပါလာသူအားလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သထုံဘက်မှ ဘီးလင်းဘက်သို့ အသက် ၃၀ နှစ်ရှိ ယာဉ်မောင်း စိုးထွဋ်အောင် မောင်းနှင်ပြီး၊ အသက် ၂၄ နှစ်ရှိ နောက်လိုက် ဇော်ထက်အောင် လိုက်ပါလာသည့် တွဲကားနှင့် ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ပရိုဘောက်စ်ကားတို့ ကရင်လေးဆိပ်ကျေးရွာအနီး မိုင်တိုင်အမှဝ် (၁၃၄/၇) နှင့် (၁၃၄/၈) ကြားတွင် မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့သည်။

တိုက်မိမှုကြောင့် ကားသည် ညာဘက် ရေမြောင်းအတွင်း ထိုးကျကာ တွဲကားခေါင်းသည် ပရိုဘောက်စ်ကားပေါ် ပိကျသွားသည့်အနေအထားမျိုးဖြစ်ခဲ့သည်။

တွဲကားအောက် ပိနေသည့် ပရိုဘောက်စ်ကားပေါ် လိုက်ပါလာသည့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ တို့ စုစုပေါင်း ၇ ဦးစလုံး သေဆုံးခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ကားထဲ ညှပ်နေသည့် ရုပ်အလောင်းများကို လူမှုကယ်ရေးအဖွဲ့တို့က ညနေပိုင်းအထိ ဆွဲထုတ်ခဲ့ရကြောင်း ဆိုသည်။

“ကျတော်တို့ အခင်းဖြစ်တဲ့နေရာ ရောက်တဲ့အချိန်မှာ Dead Body တွေကို ဆွဲထုတ်နေပြီး။ ပရိုဘောက်စ်က မြောင်းထဲရောက်နေပြီးတော့ အပေါ်ကနေ တွဲကားခေါင်းက ပိနေတော့ Dead Body တွေကို ခက်ခက်ခဲခဲ ဆွဲထုတ်ရတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ပရိုဘောက်စ်ကားသည် သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာမှ ဖြစ်ပြီး ရန်ကုန်မှ ပြန်လာသည့်ကားဖြစ်သည်ဟု သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူများသည် ထင်းရှူးကျေးရွာ၊ စက်စဲကျေးရွာနှင့် ကျိုက္ခမီမြို့တို့မှ ဖြစ်ကြသည်ဟု ကနဦး သိရသည်။

ထိုယာဉ်တိုက်မှုကို သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မီးသတ်စခန်းမှ မီးသတ် RESCUE TEAM နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts