Homeသတင်းရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်များသိမ်းပိုက်

ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်များသိမ်းပိုက်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄။

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆၀ ကျော်အား တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်သည်။

ရှားတောမြို့ရှိ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းများကို KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ရှားတောမြို့ရှိ စစ်ကောင်စီ၏ အရေးကြီးဗျူဟာကုန်းများကို ကာကွယ်ပေးထားသည့် အန္တရာယ်ကွေ့စခန်းကုန်း ၂ ကုန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စတင်သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကိုလည်း ဆက်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များအတွင်း အခိုင်အမာ ခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်နေခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNDF တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ နောက်ဆုံး ဘုရားကုန်းကို ဝင်မတိုက်ခင်မှာ လက်နက်ချဖို့ အကြိမ်ကြိမ် ကမ်းလှမ်းတယ်ပေါ့နော်။ ဒါပေမယ့် မရတဲ့အတွက် အပြီးသက် တိုက်ခိုက်ခဲ့တယ်။ အခု ကရင်နီက စစ်တပ်တွေထဲမှာက အင်မတန်ကို ဝါဒမှိုင်းမိနေတဲ့လူတွေပဲကျန်တော့တယ်။ ဘယ်လိုမှ ဖြောင်းဖြလို့ကိုမရတော့ဘူး” ဟု ဆိုသည်။

ဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားစဉ် စစ်ကောင်စီ၏ ခလရ ၂၄၉ တပ်ရင်းမှ အင်အား ၇၀ ကျော်ခန့်ကို ရဟတ်ယာဉ် ၃ စီးဖြင့် ရှားတောသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါ စစ်ကူများကို ကရင်နီပြည်တပ်မတော် KA နှင့် KNDF ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် အဖွဲ့ကွဲသွားခဲ့သေးသည်။

စစ်ကူစစ်ကြောင်းကိုလည်း ပူးပေါင်းတပ်မှ လိုက်လံချေမှုန်းရာ စစ်သား အနည်းငယ် အရှင်ဖမ်းမိပြီး ကျန်အဖွဲ့သားများအားလုံးကို ရှင်းလင်းခဲ့ကြောင်း KNDF ထံမှ သိရသည်။

ရှားတောမြို့အား တပ်ချနေရာယူ၍ ပြည်သူများအား ဒုက္ခအမျိုးမျိုး ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ခမရ ၄၂၈၊ ခလရ ၂၄၉ နှင့် ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း KNDF က ပုံနှင့်အတူ ထုတ်ပြန်ထားသည်။

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက်နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား KNDF ပူးပေါင်းတပ်မှ သိမ်းဆည်းခဲ့သည်။

ကရင်နီပြည်နယ်၊ ရှားတောမြို့အား သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး လေကြောင်းပစ်ကူ ၂၀၅ ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့သေးသည်။

တိုက်ပွဲများအတွင်း KNDF မှ ရဲဘော် ၃ ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ ကျဆုံးခဲ့ပြီး ရှားတောမှ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်အပါအဝင် ၇ ဦးကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts