လာမည့် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည့် စနစ်သစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည်နှင့်အမျှ မွန်ပြည်အတွင်း စစ်ရေးအရှိန် ပိုမိုပြင်းထန်လာခြင်းကြောင့် စာမေးပွဲ မကျင်းပနိုင်မည်ကို မိဘအုပ်ထိန်းသူတချို့ စိုးရိမ်နေသည်ဟု ဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖော်ဆောင်ရန် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတို့ ခပ်စိပ်စိပ်ထုတ်ပြန်လာခြင်းကြောင့် စာမေးပွဲကာလအတွင်း ပစ်ခတ်မှုဖြစ်ပွားမည်ကို စိုးရိမ်မိကြောင်း ကျိုက်မရောမြို့နယ်မှ မိဘအုပ်ထိန်းသူတစ်ဦးက ဆိုသည်။
“ကလေးတွေ စာမေးပွဲဖြေရင် စိတ်ပူရတာက သဘာဝပဲ၊ ဒါပေမဲ့ ဒီနှစ်က နိုင်ငံရေးအခြေအနေကို ကြည့်ပြီးတော့ စာမေးပွဲက ဖြေဖြစ်အုံးမလား၊ ဖြေနေချိန်မှာ ပစ်ခတ်မှုက ဖြစ်လာမှာလားပေါ့၊ ပြီးတော့ မွန်ပြည်သစ်ဘက်ကလည်း ထုတ်ပြန်ချက်တွေ ထုတ်ထားတာရှိတော့ စာမေးပွဲဖြေတဲ့ အတောအတွင်း တိုက်ပွဲဖြစ်မှာကို ပိုစိုးရိမ်ရတယ်” ဟု ဆိုသည်။
ကျိုက်မရောမြို့နယ်တွင် ဒေသလုံခြုံရေးအခြေအနေကြောင့် စာစစ်ဌာနနေရာတို့ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း သိရသည်။
၎င်းအပြင် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နေ့စဉ်နီးပါး ပစ်ခတ်မှုရှိနေပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူတို့အတွက် လုံခြုံရေးအာမခံမရှိကြောင်းလည်း ရေးမြို့မှကျောင်းသားမိဘတစ်ဦးက ဆိုသည်။
“ သားသမီးတွေကျောင်းနေတာ တစ်နှစ်တစ်နှစ် ကုန်ကျစရိတ်မနည်းဘူး၊ ခေတ်အခြေအနေကလည်း စိုးရိမ်ရတယ်၊ စာမေးပွဲအချိန်အတွင်း ဗုံးလာကျဲရင်တော့ သွားပြီး အဲတာကိုပဲ တွေးရင်းနဲ့ စိတ်ပူနေရတာ” ဟုဆိုသည်။
မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ကျိုက်မရောမြို့နယ်တို့တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ကျောင်းသားလူငယ်များစွာ ရှိနေခြင်းကြောင့် ယခင်နှစ်ကထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ လျော့နည်းနေကြောင်း ပညာရေးအသိုင်းဝိုင်းတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်မှ ၁၁၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၅၇ ဒဿမ ၂၁ ဖြင့် အကောင်းဆုံး ထွက်ရှိခဲ့ကြောင့် သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲသည် ၁၂ တန်း စနစ်သစ်သင်ရိုး၏ ပထမဦးဆုံးစာမေးပွဲဖြစ်ပြီး သင်ရိုးဟောင်းတွင် ဖြေဆိုမအောင်မြင်ခဲ့သည့်ကျောင်းသားတို့အတွက် ကျောင်းပြင်ပတွင် လေ့လာပြီး ဖြေကြားခွင့်ရှိကြောင်းလည်း စစ်ကောင်စီမှ ယခုနှစ်ပညာသင်နှစ် အစောပိုင်းတွင် ကြေညာထားသည်။
