လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးကို နစ်မြှုပ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်၊ ၈ ရက်က စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သင်္ဘောများကို ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော ၃ စီးစလုံးအား ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် စစ်သင်္ဘော ၃ စီးကို ကယ်တင်ရန်ထပ်မံ၍ လာခဲ့သည့် အခြားသော စစ်သင်္ဘော ၄ စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့ပြီး ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် မရပ်မနား တောက်လျှောက်တိုက်ခိုက်နေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် ၃ ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့ကြောင်း ဆိုသည်။
အဆိုပါ ရေကြောင်းတိုက်ခိုက်မှုမှာ AA တပ်ဖွဲ့ဝင် ၁၀ ဦး ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့ကာ အဆိုပါဖြစ်စဉ်တွင် အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့ကို AA က ကယ်တင်ထားကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် ယခုတစ်ကြိမ် ရခိုင်ဒေသတွင် ရေတပ်ကို အလေးထားပြီး တိုက်ခိုက်ခဲ့သော်လည်း AA က စစ်ကောင်စီ၏ ရေတပ်ကို အကောင်းဆုံးတုံပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ အညံ့ခံရန် ပြောကြားထားသော စစ်ကောင်စီစစ်စခန်းများ အနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး စစ်ကောင်စီနှင့် AA တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ တောင်ပြိုမြို့အပါအဝင် စစ်ကောင်စီ၏ စစ်စခန်းများနှင့် ဗျူဟာကုန်းအချို့ကို AA က သိမ်းပိုက်ထားသည်။
