Homeသတင်းကျိုက်မရောမြို့နယ် ကျွန်းရွာက သားအဖ ၂ ဦး ပစ်ခတ်ခံရ

ကျိုက်မရောမြို့နယ် ကျွန်းရွာက သားအဖ ၂ ဦး ပစ်ခတ်ခံရ

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၄။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာမှ ဦးထွန်းဦးနှင့် သမီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကျွန်းရွာကျေးရွာနေ ဦးထွန်းဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၈ နာရီခန့်က နေအိမ်တွင် တည်ရှိနေချိန် အမည်မသိသေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးထွန်းဦးကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းဦးသည် ဝမ်းဗိုက်၊ လက်ဖျံ၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်ရရှိခဲ့ပြီး အနီးတွင်ရှိနေသည့် အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ မဇင်နန်းဝေလည်း ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“ည ၈ နာရီလောက်မှာ ဦးထွန်းဦးရဲ့အိမ်ကို ဆိုင်ကယ်နဲ့ သေနတ်သမားနှစ်ဦးရောက်လာပြီးတော့ ဝက်သားရောင်းလားလို့ မေးပြီးတော့ သေနတ်နဲ့ ၄ ချက်ပစ်သွားပြီးတော့ ဆိုင်ကယ်မောင်းပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဦးထွန်းဦးနှင့် သမီးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် ကျိုက်မရောဆေးရုံ ထိုမှတဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဦးထွန်းဦးတို့ သားအဖကို မည်သူက မည်သည့်အကြောင်းကြောင့် လာရောက်ပစ်ခတ်သွားခဲ့သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ယခုကဲ့သို့သော လက်သည်မပေါ်သည့် လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး အသက်သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း အများအပြားရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts