Homeသတင်းမောင်းမကန်ရဲစခန်း နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ၊ အဆောက်အအုံအချို့မီးလောင်

မောင်းမကန်ရဲစခန်း နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ၊ အဆောက်အအုံအချို့မီးလောင်

-

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်မြို့နယ်ရဲစခန်း နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး အဆောက်အဦးအချို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း လောင်းလုံးပကဖနှင့် ဒေသခံတို့ထံမှ သိရသည်။

မောင်မကန်မြို့နယ်ရဲစခန်းကို လောင်းလုံးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအဆောက်အဦးအချို့ မီးလောင်ခဲ့ကြောင်း လောင်းလုံးပကဖ တာဝန်ခံက ပြောသည်။

“ပထမနေ့က ဒရုန်းနဲ့ တိုက်တယ်ဗျ။ ရဲစခန်းထဲက အဆောက်အဦးအချို့ မီးလောင်တယ်။ ထိခိုက်တဲ့သူများတယ်လို့ ကျွန်တော်တို့ကြားပါတယ်။ နောက်တနေ့ကျတော့ ၂ နာရီလောက် ပစ်ခတ်မှုဖြစ်တယ်။ အပြန်အလှန်ပေါ့။ သူတို့ဘက်က ပင်လယ်ထဲက စစ်သင်္ဘောကနေလဲ ပစ်ကူတယ်။ နေရာအတိအကျပစ်တာမျိုးမဟုတ်ဘူး။ ရပ်ကွက်တွေထဲကျတာမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ရဲအချို့သေဆုံးမှုရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောဆိုသော်လည်း အသေးစိတ်ကိုတော့ လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မောင်းမကန်ရဲစခန်းကို တိုက်ခိုက်နေစဉ် လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း၊ စရဖရုံးနှင့် စစ်ကောင်စီဂိတ်အချို့တို့ကိုလည်း တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သေးကြောင်း လောင်းလုံးပကဖထံမှ သိရသည်။

ရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွၚ်း စစ်ကောင်စီ စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မောင်းမကန်ဒေသခံအချို့ ထားဝယ်မြို့ပေါ်သို့ ယာယီတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မောင်းမကန်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏတိုက်ခိုက်လေ့ရှိပြီး ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် ပိုပြီးပြင်ထန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts