မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် ပုဒ်မ ၅၄/၅၂(က)တို့ဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသည့် အကျဉ်းသားတစ်ဦး ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်သည်။
အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင်သည် စစ်ကြောရေးတွင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့်အတွက် အတွင်းကြေဒဏ်ရာများဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ကျန်းမာရေး ဆိုးရွားလာခဲ့သည်ဟု PPNM က ဆိုသည်။
ထောင်တွင်း ဆေးရုံတွင် မကြာခဏပြသခဲ့သော်လည်း ရောဂါမသက်သာသည့်အတွက် ဇန်နဝါရီလ ၁၁ ရက်နေ့က ထောင်ပြင်ပဆေးရုံသို့ အရေးပေါ်ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့သည်။
ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် ကိုရာရှင်(ခ)ဟာရှင်သည် ဇန်နဝါရီလ ၁၂ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု PPNM ထုတ်ပြန်ထားသည်။
အကျဉ်းထောင်များတွင် ထောင်ဝင်စာပါဆယ်ပေးပို့ရာတွင် နိုင်ငံခြားဆေးဝါးများ ပို့သခွင့်ကို ကန့်သတ် ထားမှုများကြောင့်လည်းကောင်း၊ ဆေးဝါးစောင့်ရှောက်ကုသမှု လုံလောက်စွာ မရရှိသည့်အတွက်ကြောင့်လည်းကောင်း၊ အရေးကြီးလူနာများကို အချိန်နှင့်တပြေးညီ ပြင်ပဆေးရုံသို့ပို့ဆောင်ပေးခြင်း မရှိသည့်အတွက်ကြောင့် ယခုလို သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု PPNM က ဆိုထားသည်။
ထောင်ဆေးရုံများသည် ကျန်းမာရေးမကောင်းသည့် လူနာများကို ကုသမှုပေးပြီး အသက်ကယ်တင်ရမည့် နေရာဖြစ်မနေဘဲ အကျဉ်းသားများ မသေဆုံးခင် ထားသည့်နေရာများသာ ဖြစ်နေသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် ထောင်ဆေးရုံများသည် လူသတ်ကွင်းများသာဖြစ်နေပြီး အကျဉ်းသားများကို တဖက်လက်ဖြင့် သတ်ဖြတ်နေခြင်းသာဖြစ်ပါသည်ဟု PPNM က ထုတ်ပြန်ပြောဆိုထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ကောက်ယူရရှိထားသည့် စာရင်းများအရ ၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦး အကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့သည်။
