Wednesday, March 11, 2026
More
    spot_img
    Homeသတင်းသထုံတွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ

    သထုံတွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စု၊ ကျုံမိန်ကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ နေ့ရောညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းနေသည့် ကျုံမိန်ကျေးရွာထဲသို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ နေ့စဉ်နှင့်အမျှ လက်နက်ကြီး ပစ်ခတ်မှု လုပ်ဆောင်နေသည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အိမ်ခြေ ၂၀၀ နီးပါး၊ လူဦးရေ ၁၂၀၀ ကျော်နေထိုင်သည့် ကျေးရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    “အခုက ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ လက်နက်ကြီးက နေ့တိုင်နီးပါး ကျနေတာ။ အိမ်တွေလည်း ပျက်စီးတာတွေ ရှိနေတယ်။ ပြေးရတာတော့ တစ်ရွာလုံးပဲ။ အိမ်စောင့်တွေလောက်ပဲ ကျန်တယ်” ဟု ကျုံမိန်ကျေးရွာခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ် လက်နက်ကြီးရန်ကြောင့် ကျုံမိန်ဒေသခံများ ဘေးလွတ်ရာနေရာများနှင့် ကျောက်တောင်ဂူတို့တွင် ပုန်းခိုနေထိုင်နေရပြီး အခြေခံစားနပ်ရိက္ခာများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်၏ ထုတ်ပြန်ချက်အရ ကျုံမိန်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် နော်ဖောတမဲ သေဆုံးပြီး၊ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

    စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ဒေသခံ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားသည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။

    ကျုံမိန်ကျေးရွာထဲသို့ သထုံအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် အမှတ် ၄၀၂၊ အမြှောက်တပ် အမှတ် ၅၀၂၊  အမှတ် ၂၀၆  ခြေမြန်တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု KNU သထုံခရိုင်က ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks