မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာတွင် ဘိန်းစာရွက်များ သယ်ဆောင်လာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
မုတ္တမကျွဲခြံကျေးရွာ၊ ပေါင်-သထုံ ခရိုင်ချင်းဆက်လမ်းတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ဘိန်းစာရွက်များ တင်ဆောင်လာသည့် ဟိုက်ဂျက်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့အား စစ်ကောင်စီရဲတပ်ဖွဲ့တို့က ပိတ်ဆို့ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးစဉ် ဟိုက်ဂျက်ယာဉ်က မရပ်ပေးဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ရဲတပ်ဖွဲ့တို့က သေနတ်ဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးသည် မေးစေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ဘိန်းစာရွက်များ တင်ဆောင်လာသည့် ဟိုက်ဂျက်ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးကတော့ ကားထားပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ဟိုက်ဂျက်ယာဉ်ပေါ်တွင် ဘိန်းစာရွက်အထုတ် ၁၃ ထုတ်တွေ့ရှိခဲ့ပြီး၊ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။
ဟိုက်ဂျက်ယာဉ်အတိုက်ခံရပြီး ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်ကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ဘိန်းစာရွက် နှင့် WY စိတ်ကြွရူးသွပ်ဆေးပြားများအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ မြင့်တက်လာပြီး ဖော်ထုတ်အရေးယူမှုအပိုင်းမှာ မရှိသလောက်နည်းပါးနေသည့်အပြင် တချို့ဖြစ်စဉ်များတွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင်ပတ်သက်နေခြင်းများရှိနေကြောင်း ဒေသခံတို့က ဆိုသည်။