Home သတင်း သံဖြူဇရပ်တွင် ဖမ်းဆီးမှုဆက်ရှိနေပြီး ဒေသခံများ စိုးရိမ်ထိန့်လန့်နေကြ

သံဖြူဇရပ်တွင် ဖမ်းဆီးမှုဆက်ရှိနေပြီး ဒေသခံများ စိုးရိမ်ထိန့်လန့်နေကြ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် တော်လှန်ရေးအင်အားစုများကို ထောက်ပံ့နေသည်ဆိုသည့်အကြောင်းပြချက်ဖြင့် မြို့ခံများကို စစ်ကောင်စီတပ်က ဆက်တိုက်လိုက်လံဖမ်းဆီးနေသည့်အတွက်‌ ဒေသခံများ စိုးရိမ်ထိန့်လန့်နေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ခံ ဦးမြင့်သန်းကို လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်တို့က ဖမ်းဆီးရမိခဲ့ပြီးနောက် ဦးမြင့်သန်း၏ ထွက်ဆိုမှုကြောင့် မြို့ခံ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သူများအနက် ဦးမြသန်းနှင့် ကိုမင်းမင်းတို့နှစ်ဦးသည် စစ်ကြောရေးတွင် သေဆုံးသွားပြီးဟု သတင်းထွက်ပေါ်လာပြီးနောက် မြို့ခံများအကြား ပိုပြီး စိုးရိမ်ထိန့်လန့်စရာ ဖြစ်နေကြသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တို့က မြိုခံများ လိုက်လံဖမ်းဆီးနေသည့်အပြင် ကျေးရွာအထိပါ ဖမ်းဆီးနေကြောင်း စိုးရိမ်ထိန့်လန့်မှုဖြင့် နေနေကြရကြောင်းဟု သံဖြူဇရပ်မြို့နယ်၊ ကျုံးကဒတ်ကျေးရွာခံတစ်ဦးက ပြောသည်။

“ကျုံးကဒတ်မှာလည်း ဖမ်းလိုက် ပိုက်ဆံပေးရင် ပြန်လွတ်လိုက်နဲ့။ အခုက တစ်ခုခုဆိုရင် မမေးရဲ၊ မပြောရဲကြဘူး။ ပြောတဲ့လူကိုတောင် သူတို့ဖမ်းတယ်။ ကိုယ်တွေလည်း တိတ်တိတ်ပဲနေနေရတယ်။ အချို့လူတွေလည်း ကြောက်လို့ ရွာပြောင်းသွားကြတာတွေလည်းရှိနေတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူအများစုသည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး ငွေကြေးအမြောက်အများ တောင်းခံပြီး ပြန်လွှတ်ပေးနေသည်လည်းရှိဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ လုပ်ရပ်ကို ဒေသခံပြည်သူများ မကြိုက်မနှစ်သက်သော်လည်း ဖမ်းဆီးခံရပြီး နေအိမ် ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရမည်ကို စိုးရိမ်နေကြသည့်အတွက် တစုံတရာထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိဘူးဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ဆိုသည်။

၎င်းက “ဒီလိုမျိုး လိုက်လံဖမ်းဆီးနေတာကို ကျွန်မတို့ကလည်းမကြိုက်ဘူး။ ဒါပေမဲ့ ကိုယ်ပြောလိုက်လို့ သူတို့သတင်းရရင် သူတို့ကလာဖမ်းတဲ့အပြင် အိမ်တွေလည်း ချိတ်ပိတ်သိမ်းသွားမှာကို စိုးရိမ်နေရသေးတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများအနက်မှ PDF ထောက်ပို့ဟုစွပ်စွဲခံထားရသူ ၅၀ ဦးထက်မနည်းကို ဝဲကလိတပ်နယ်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

၎င်းပြင် ဖမ်းဆီးခံထားရသူများအနက်မှ ၅ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများကိုလည်း စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းထားပြီး၊ ကျန်သူများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း မြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်လက်များအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် အရပ်သားပြည်သူ ၈၀၀ ထက်မနည်းဖမ်းဆီးခံရပြီး အများစုက ထောင်ဒဏ် အပြစ်ဒဏ် အသီးသီးချမှတ်ထားခံရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.