spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းသံဖြူဇရပ် မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဖမ်းဆီးခံရ

    သံဖြူဇရပ် မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးကို စစ်ကောင်စီတပ်တို့က ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

    သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်နေ မြို့နယ်ထွေအုပ် ဒုဦးစီးမှူး တာဝန်ထမ်းဆောင်နေသည့် အသက် ၄၀ နှစ်အရွယ် ဦးအောင်ကိုကိုဆိုသူသည် ဆန့်ကျင်ဘက်အဖွဲ့အစည်းများထံ ဌာနဆိုင်ရာဝန်ထမ်းများ၏ သတင်းအချက်အလက်များအား ပေးပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက်ကြောင့် ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ခေတ်အခေါ် ဖရဲသီးပေါ့ဗျာ။ သံဖြူဇရပ်မြို့နယ် ထွေ/အုပ်ဌာနက ဒုဦးစီးမှူးတစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်။ တလောက ဖမ်းမိထားတဲ့ သံဖြူဇရပ်မြို့က PDF တစ်ယောက်က ဖေါ်လို့ ဖမ်းထားတာ” ဟု ၎င်းက ဆိုသည်။

    လက်ရှိတွင် ဦးအောင်ကိုကိုကို သံဖြူဇရပ်မြို့မရဲစခန်းတွင် (ပ) ၁၃၆/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်အရေးဥပဒေပုဒ်မ – ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    သံဖြူဇရပ်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မြို့ခံ ဦးမြင့်သန်းဆိုသူကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

    ဦးမြင့်သန်း၏ ထွက်ဆိုမှုကြောင့် သံဖြူဇရပ်မြို့ရှိ ဟေမာန်ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ကိုတရုပ်နှင့် စီးပွားရေးလုပ်ငန်းအပါအဝင် မြို့ခံ ၁၀၀ ခန့်ကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

    လက်ရှိတွင် ဖမ်းဆီးခံထားရသူများအနက်မှ PDF ထောက်ပို့ဟုစွပ်စွဲခံထားရသူ ၅၀ ဦးထက်မနည်းကို ဝဲကလိတပ်နယ်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ထိုသို့ ဖမ်းဆီးစစ်ဆေးခံနေရသူများအနက်မှ ဦးမြင့်သန်းနှင့် ကိုမင်းမင်း ဆိုသူတို့ နှစ်ဦးသည် စစ်ကြောရေးတွင် စစ်ဆေးနေစဉ် သေဆုံးသွားပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်လည်း ရှိသည်။

    ၎င်းပြင် ဖမ်းဆီးခံထားရသူများအနက်မှ ၅ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများကိုလည်း စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းထားပြီး၊ ကျန်သူများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း မြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts