တိုက်ပွဲကြောင့် ပြည်သူများ မြေစာပင်ဖြစ်နေတာကြောင့် နိုင်ငံရေးနည်းလမ်းနှင့် ပြဿနာကို ဖြေရှင်းရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် လိုသည်ဟု ပြောဆိုမှုမှာ စစ်ကောင်စီဘက်က အင်အားချည့်နည်းလာ၍ ပြောဆိုခြင်း ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများဘက်က ဆိုသည်။
စစ်ခေါင်းဆောင်၏ ပြောဆိုမှုကို မယုံကြည်ကြရန် လိုအပ်ကြောင်း၊ မည်သည့်အခါမှ စစ်တပ်ဘက်က ကတိမတည်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။
“မင်းအောင်လှိုင်က ကြိမ်းဝါးဖူးတယ်လေ၊ မင်းအောင်လှိုင်က PDF တွေကို စစ်ကိုင်းထဲမှာ အရမ်းဟိုဟာပြုလာတဲ့အခါ သူကြိမ်းဝါးဖူးတယ်၊ ပြာပုံနဲ့ ထားခဲ့မယ်တဲ့၊ သူတို့ကတော့ လျော့မပေးဘူး။ တိုက်မယ်ပေါ့ဗျာ၊ ပြာပုံနဲ့ ပြည်သူလူထုကို ပြာပုံအောက်မှာ ထားခဲ့မယ်တဲ့ အကုန်တိုက်ခိုက် ဖျက်ဆီး၊ မီးရှို့ဖျက်ဆီးပစ်ခဲ့မယ်ဗျာ၊ အဲဒါပဲ နိုင်ငံရေးနည်းလမ်းဆိုတာ လိမ်တာပေါ့ဗျာ၊ အဲဒါ ယုံတဲ့သူရှိရင် ယုံပေါ့ဗျာ၊ ဘယ်တုန်းက စစ်တပ်က ကတိတည်လို့လဲဗျ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတစ်ဝှမ်းတွင် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည် AA၊ TNLA၊ MNDAA တို့၏ ၁၀၁၂၇ စစ်ဆင်ရေးအတွင်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများလည်း စစ်ကိုင်း၊ ချင်းနှင့် ကရင်နီပြည်နယ်တို့တွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ကြသည်။
တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တစ်ခုကို အနာဂတ်မျိုးဆက်များအတွက် ဖန်တီးလိုသည့် ဆန္ဒတစ်ခုကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
“မြန်မာနိုင်ငံကြီးကို တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်မျိုးဆက်ကို အပ်ဖို့အတွက် တို့တွေ ခုနားလို့ ရှုံးတာနိုင်တာကို ခဏမေးထား၊ အသက်ပေးခဲ့ရတာ အကုန်လုံးသည် သင်ခန်းစာအနေနဲ့ ထားပြီးခါမှ ပြန်လည်ပူးပေါင်းဆောင်ရွက်ပြီးမှ နိုင်ငံတော်အသစ်ကြီးတစ်ခုကို ရပိုင်ခွင့်တွေနဲ့ နောက်ပဋိပက္ခကြီးမေ့တဲ့နေရာ တစ်ခုဖြစ်အောင် ဖန်းတီးနိုင်တဲ့ ဆန္ဒ၊ ဖန်တီးလိုတဲ့ဆန္ဒကို သူ့ဖက်ကတော့ ရှိမှာပေါ့၊ လူထုအတွက် ဒီစစ်ဘေး၊ စစ်ဒဏ်တွေ ထပ်မဖြစ်အောင် တို့လူကြီးတွေ အာဃာတတွေ မထားဘဲနဲ့ ဖြစ်ပြီးဟာကို သင်ခန်းစာယူပြီးမှ အနာဂတ်အတွက် တို့တွေ့ညှိနှိုင်းမှုဟာ လိုအပ်တယ်ဆိုတဲ့ သူတို့ဖက်က ချထားလို့တာ တွေ့ကြတာကိုး။ ခုနားလို အဆင့်တစ်ခုမှာ သဘောတူညီချက် ရတယ်ဆိုတာ ဖြစ်တာကိုး၊ အဲဒီလို ရတာကိုက အပေါင်းလက္ခဏာဆောင်တယ်ဗျ၊ ပြီးမှ တွေ့ကြပြုကြ၊ ဘယ်လို တည်ငြိမ်တဲ့အခင်းအကျင်း ဖြစ်အောင် မြန်မာနိုင်ငံနဲ့ မြန်မာလူထုကို ပေးရင်ကောင်းမလဲဆိုတဲ့ နိုင်ငံရေး ရလဒ်ထွက်အောင်အထိ ထုတ်နိုင်ခဲ့မယ်ဆိုရင် အခုတွေ့ဆုံမှုတွေနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို ဘယ်သူမှ အပြစ်ပြောလို့ မရဘူးဗျ၊ ဒါနိုင်ငံတော်နဲ့ ရည်မှန်းချက် ကြီးကြီးမားမား ထားတဲ့ လူတိုင်းဟာ စွန့်လွတ်တာ၊ စွန့်စားတာ ရှိတာပဲဗျ၊ ပေးဆပ်ခဲ့ရတာလည်း ရှိတာပဲဗျ၊ အဲဒါကြောင့် ကျနော်ကတော့ အပေါင်းလက္ခဏာဆောင်တယ်လို့ ထင်ပါတယ် လူထုအတွက်ပါ” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့တို့က တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ဒီဇင်ဘာလအစောပိုင်းက တရုတ်နိုင်ငံ၊ ကူးမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဖြေရှင်းနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့၊ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများလည်း ကြိုးပမ်းလျက်ရှိနေသည်။
