မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက စစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအကူအညီ လိုအပ်နေသည်ဟု အကူအညီပေးနေသူတို့ထံမှ သိရသည်။
စစ်ဘေးရှောင် ထက်ဝက်ကျော်သည် အမျိုးသမီးနှင့် ကလေးများဖြစ်ပြီး နာတာရှည်ရောဂါ ခံစားနေရသူ၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအကူအညီ လိုအပ်နေသည်။
စစ်ဘေးရှောင်နေရသည်မှာ တစ်လနီးပါးကာလတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ခဲ့သည့်အတွက် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနှင့် ကင်ဆာရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။
“(ဒီဇင်ဘာ ၅ ရက်နေ့) မှာဆို မယ်တရိုက အသက် ၅၀ အရွယ် ကင်ဆာရောဂါသည်တစ်ယောက် ကျွန်တော်တို့ သွားကြည့်တော့ ဆုံးသွားပြီ။ အဲ့လိုပေါ့လေ ရွာကနေထွတ်လာတယ်။ ဟိုပြောင်းဒီပြောင်းနဲ့ နောက်ဆုံးတော့ အိမ်မှာခေါင်းမချလိုက်ရဘူး။ ဟိုနေ့လည်း အဲ့လိုပဲ အဘွားတစ်ယောက် စစ်ဘေးရှောင်နေရင်း ကော့ပနောဘုန်းကြီးကျောင်းဓမ္မာရုံမှာ ဆုံးသွားတယ်။ အဲတာကြောင့် ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေကနေ အကူအညီလိုအပ်တယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲကြောင်း ဒေသတွင်း သွားလာကန့်သတ်မှုများရှိနေခြင်းကြောင့် စစ်ဘေးရှောင် ကူညီထောက်ပံ့သူများအပြင် အရေးပေါ်လူနာတင်ယာဉ်များလည်း ဝင်ရောက်ရန် မလွယ်ကူသည့်အနေအထားရှိနေသည်ဟုလည်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး ဒေသတွင်းက ကျေးရွာ ၂၀ ရွာထက်မနည်းက ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ဘေးရှောင်ပြည်သူများ၏ အခြေခံကျန်းမာရေးလိုအပ်ချက်များကို မွန်ပြည်သစ်ပါတီ ကျန်းမာရေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေသော်လည်း နာတာရှည်ရောဂါ၊ ရောဂါပြင်းထန်သူနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်လျက်ရှိသည်ဟု ပျားတောင်ဒေသ စစ်ဘေးရှောင်သူတစ်ဦးက ပြောသည်။
“ကျွန်တော်က ကျွန်တော့်အမျို့သမီးကို အရမ်းစိတ်ပူတယ်။ သူ့မှာ ကိုယ်ဝန်နဲ့ဆိုတော့လေ ဒီတိုက်ပွဲကလည်း မြို့သိမ်းတိုက်ပွဲလား၊ ဘာလားမသိတော့ မြို့ပေါ်မှာ ထားရင်လည်း ပိတ်မိနေမှာစိုးလို့ သွားလာလို့လွယ်ကူတဲ့ ကော့မိတ်ရွာဘက်မှာ ပြောင်းနေနေရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် နေရာအခက်အခဲမရှိသေးသော်လည်း ရက်ရှည်ကြာလာသည်နှင့် စားနပ်ရိက္ခာလည်း ခက်ခဲလာနိုင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများလည်း ပြင်ဆင်ထားသင့်ကြောင်း ဆိုသည်။
ကျိုက်မရောမြို့နယ် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့် နေရာ ၈ ခုအပါအဝင်၊ ကမာဝက်မြို့ ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ မြို့ရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ နှစ်သောင်းထက်မနည်းရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။
