spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်တို့တွင် ငွေညှစ်တောင်းခံမှုရှိနေ

    မွန်ပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်တို့တွင် ငွေညှစ်တောင်းခံမှုရှိနေ

    -

    ဒီဇင်ဘာ ၈၊ ၂၀၂၃

    မွန်ပြည်နယ်၊ မော်လမြိုင်၊ ကျိုက်မရောမြို့နယ်အပါအဝင် ပြည်နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့တွင် ဖြတ်သန်းသွားလာသူများကို ငွေညှစ်တောင်းခံမှုများရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်မရောမြို့နယ်၊ ခရုံဂူလမ်းတွင် စစ်ကောင်စီတပ်သားတို့က ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုပြုလုပ်နေပြီး မှတ်ပုံတင်မပါသူများကို တစ်ဦးလျှင် ကျပ် ၅၀၀၀ တောင်းခံနေကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

    “သူတို့စစ်ဆေးတဲ့နေရာမှာဆိုရင် ၅၀၀၀ ကျပ်ပေးရတယ်။ ဂိတ်ထဲမှာ သွားပေးရင် ၁၅၀၀၀ ကျပ်အထိပေးရတယ်။ ကိုယ်တွေနားမှာ စစ်လာဖြစ်လို့ အခြေအနေကြည့်ပြီး သွားလာနေကြရတာကို အခုလိုလုပ်တာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။ နောက်ပြီး စကားပြောတာဆိုတာတွေက အရမ်းရိုင်းတယ်” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် ကျိုက်မရောမြို့နယ်အတွင်း လှည့်ကင်းများဖြင့် ရှောင်တခင်စစ်ဆေးမှုများလည်း လုပ်ဆောင်လာကြောင်းနှင့် ထိုစစ်ဆေးမှုများနှင့် ကြုံဆုံလျှင် မှတ်ပုံတင် မပြနိုင်သူများကို ၅၀၀၀ ကျပ်ပေးနေရကြောင်း ကျိုက်မရောဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    အလားတူ ကျိုက်မရော-မော်လမြိုင်ကားလမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း မှတ်ပုံတင်မပြနိုင်ပါက ၅၀၀၀ ကျပ် တောင်းယူနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    “လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျိုက်မရောဘက်ကိုသွားတဲ့အခါမှာ မုရောင်းကျေးရွာအနီးမှာ စစ်ဆေးရေးနဲ့ ဆုံတုန်း မှတ်ပုံတင်တောင်းတယ်။ ကိုယ်တွေမှာက ဆိုင်ကယ်လိုင်စင်ရှိတော့ အဲ့ဒါပြလည်းမရဘူး။ မှတ်ပုံတင်မပါလို့ဆိုပြီး ၅၀၀၀ ကျပ်တောင်းလို့ ပေးခဲ့ရတယ်” ဟု ၎င်းမော်လမြိုင်မြို့ခံက ဆက်ပြောသည်။

    ထို့အတူ မွန်ပြည်နယ်အတွင်းရှိ လုံခြုံရေးဂိတ်များ၊ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များထံမှ ငွေကြေးတောင်းခံမှုများရှိနေကြောင်းလည်း သိရသည်။

    “မုပ္ပလင်လမ်းဆုံဂိတ်မှာ ရဲအဝတ်အစားနဲ့ လူတစ်ယောက် ကားကိုလာစစ်တယ်။ ဘယ်သွားမလဲ ဘာညာမေးတယ်။ ပြီးတော့ လက်ဖက်ရည်ဖိုးဆိုပြီး ၅၀၀၀ ကျပ်တောင်းတယ်။ အဲ့လိုမျိုးဘဲ လမ်းတွေမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ပိုက်ဆံချည်းတောင်းနေကြတော့တာဘဲ” ဟု မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

    ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်းတွင် ကျိုက်မရောမြို့နယ်တွင်သာမက ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုအားကောင်းသည့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်တို့က လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် စစ်ဆေးမှုလည်း တင်းကြပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts