spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ

    ကျိုက်မရောမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာလ ၄၊ ၂၀၂၃။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေသည်ဟု အကူအညီပေးနေသူတို့ထံမှ သိရသည်။

    ဒေသခံများ စစ်ဘေးရှောင်နေသည့်နေရာသို့ သွားရောက်ရန် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်းအားစုဘက်က လမ်းများပိတ်ထားသည့်အတွက် စစ်ဘေးရှောင်များရှိနေရာသို့ သွားရောက်ကူညီရန် အချိန်ကြန့်ကြာနေသည်ဟုလည်း ဆိုသည်။

    ၎င်းပြင် စစ်ဘေးရှောင်များသည် တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းတည်ရှိနေခြင်းမဟုတ်သည့်အတွက် စားနပ်ရိက္ခာနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အခက်အခဲကြုံတွေ့နေရသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသည့် ကော့ပနောဒေသခံတစ်ဦးက ပြောသည်။

    “ဒီတိုက်ပွဲက ရက်ကြာရှည်နိုင်တဲ့အတွက် ကျွန်တော်တို့ ရိက္ခာတွေ တတ်နိုင်သလောက်

    စုစည်းထားတာရှိတော့ ကျွန်တော်တို့ဘက်ကအတွက်တော့ သိပ်ပြီးတော့ စိတ်မပူရဘူး။ ဒါပေမဲ့ ကျန်တဲ့ဘက်တွေကိုပဲ ကျွန်တော် စိတ်ပူတယ်။ ဘာဖြစ်လဲဆိုတော့ အခု ပျားတောင်လိုပေါ့။ ကျွန်တော်တို့မှာ ရိက္ခာတွေရှိတယ် ဒါပေမဲ့ ပို့လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့(စစ်တပ်) ပျားတောင်မှာရှိနေတော့ ဆင်းလို့မရဘူး။ ကျွန်တော်တို့ ပေးပို့ချင်သော်လည်း သွားပို့လို့မရဘူး” ဟု ၎င်းက ဆိုသည်။

    စစ်ဘေးရှောင်များသည် မုဒုံ၊ မော်လမြို့၊ ကျိုက်မရောမြို့ပေါ်နှင့် နီးစပ်ရာဆွေမျိုး မိတ်ဆွေများထံသို့လည်း တိမ်းရှောင်သွားကြသည်ရှိသလို အချို့ကလည်း တောတောင်နှင့် ပျားတောင်ရှိလိုဏ်ဂူများထဲတွင် တိမ်းရှောင်နေကြရသည်။

    လက်ရှိတွင် ပျားတောင်ဂူအတွင်း တိမ်းရှောင်နေကြသည့် စစ်ရှောင်ဦးရေ ၂၀၀ ခန့်နှင့် MCL ဘိလပ်မြေစက်ရုံအနီးတဝိုက်က စစ်ရှောင်ဦးရေ ၁၀၀ ခန့်အတွင် အရေးပေါ် အကူအညီလိုအပ်နေသည်ဟု အထက်ပါ ကော့ပနောဒေသခံက ပြောသည်။

    ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေသည့်အပြင် စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည်လည်းရှိသည်။

    မယ်တရိုဒေသခံတစ်ဦးက “အခုတိုက်ပွဲကပိုပြီး ကြမ်းလာတယ်။ အခုသူတို့ပစ်နေကြတာ လူနေအိမ်တို့ ဘာတို့ သူတို့မသိတော့ဘူး။ နှစ်ဖက်ပစ်သွားတဲ့ ကျည်ဆံအစတွေကြောင့် အိမ်ကိုထိသွားတာလဲရှိတယ်။ ရွာမှာ မနေရဲကြတော့ဘူး” ဟု ဆိုသည်။

    စစ်ဘေးရှောင်ပြည်သူများကို အနယ်နယ်အရပ်က လှူဒါန်းငွေများနှင့် ဒေသတွင်းက ဆရာတော်များ၊ အလှူရှင်များက အကူအညီပေးနေပြီး တိုက်ပွဲရက်ရှည်ကြာလာသည်နှင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာပြတ်လပ်လာမည်ကိုလည်း စိုးရိမ်းမှု ရှိနေသည်။

    ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့သည်။

    တိုက်ပွဲကြောင့် ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ဦးထက်မနည်းရှိခဲ့ကာ နေအိမ်မီးလောင်တာ လက်နက်ကြီးကျည်ကျပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေလည်း အများအပြားရှိခဲ့သည်။

    နှစ်ဖက်တိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ်အတွင်းက ချောင်းနှစ်ခွ၊ မယ်တရို၊ ကျောက်ကွဲ၊ ပေါလော၊ လှာကဇိုင်း၊ တောင်ကလေး၊ မရမ်းကုန်း၊ ကော့ဒွန်း၊ ကော့ပနော အစရှိသည့် ကျေးရွာပေါင်း ၂၀ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks