Homeသတင်းသံဖြူဇရပ်မြို့ခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီး

သံဖြူဇရပ်မြို့ခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီး

-

ဒီဇင်ဘာ ၄၊ ၂၀၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျာတိုးချဲ့ရပ်ကွက်တွင် အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းနှင့် အတူ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်တို့က မြို့ခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်တို့က မြို့တွင်းမှာ စစ်ဆေးနေစဉ် အောင်ဇေယျာတိုးချဲ့ရပ်ကွက်နေ အသက် ၄၄ အရွယ် ဦးမြသန်းကို ပစ္စတိုသေနတ်တစ်လက်၊ ကျည်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ယင်းနောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့က ဟေမဝန် ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင်အပါအဝင် ရွှေဆိုင်၊ ဈေးဆိုင်ပိုင်ရှင်၊ လူငယ် ၁၀ ဦးထက်မနည်းကို ဆက်တိုက် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“သေနတ်နဲ့ လူကို ဖမ်းမိတဲ့နေ့ကတည်းက လိုက်ဖမ်းနေတာ။ ဖမ်းခံရတဲ့အထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေပါတယ်။ လူငယ်တွေလည်း ပါတယ်။ ဘာကြောင့် ဖမ်းတာလဲတော့ သေချာမသိဘူး။ ဒီလို ဖမ်းဆီးနေတော့ တမြို့လုံးက ထိန့်လန့်နေကြတာပေါ့” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးရသည့် ဟေမဝန်ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင်၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁ ရက်နေ့က လာရောက်ချိပ်ပိတ်သွားခဲ့သည်ဟု ဆိုသည်။  

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို စစ်ကောင်စီတပ်တို့က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးဘဲ မိသားစုနှင့်လည်း အဆက်အသွယ်မရသေးဘူးလို့လည်း သိရသည်။

ဖမ်းဆီးခံရသူများအနက် အချို့က ဖခင်ကို လာဖမ်းချိန် မမိသည့်အတွက် သားသမီးကို ဖမ်းခေါ်သွားသည်လည်း ရှိနေသည်ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသည့် ဒေသခံအရပ်သားပြည်သူ ၈၀၀ ကျော် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts