spot_img
Sunday, April 28, 2024
More
    spot_img
    Homeသတင်း၁၀၂၇ စစ်ဆင်ရေး မန္တလေးကို သိမ်းနိုင်ပါက နွေဦးတော်လှန်ရေး အမြန်အောင်မြင်မည်ဟု သုံးသပ်

    ၁၀၂၇ စစ်ဆင်ရေး မန္တလေးကို သိမ်းနိုင်ပါက နွေဦးတော်လှန်ရေး အမြန်အောင်မြင်မည်ဟု သုံးသပ်

    -

    ဒီဇင်ဘာ ၄၊ ၂၀၂၃ လွတ်လပ်သော မွန်သတင်းအေဂျင်စီ

    မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ မန္တလေးမြို့ကို သိမ်းပိုက်နိုင်ပါက လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး အမြန်အောင်မြင်သွားမည်ဟု မြန်မာ့ နိုင်ငံရေး‌လေ့လာသုံးသပ်သူတို့က သုံးသပ်ကြသည်။

    အဆိုပါ စစ်ဆင်ရေးကို စစ်ကောင်စီအနေဖြင့်လည်း အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။

    မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က “အဲဒါကိုပဲ တို့တွက်နေကြတာပဲလေ၊ တို့တွက်နေကြတာပဲ။ ဘယ်လောက်ကျယ်ပြန့် လာမလဲဆိုတော့ တရုတ်ကလည်း နည်းနည်းတော့ စိတ်ဆိုးပြီးပေါ့ကွာ၊ သူ့ကို လွဲချနေတော့ သူကလည်း မင်းတို့ ရပ်လိုက်ပါတော့လို့ အတင်းပြောလို့မရဘူး။ သူပြောလို့ ရပ်သွားပြီ။ ဟိုတုန်းကလည်း သူဖက်စခဲ့တာပဲ တရုတ်က အပြောမခံနိုင်ဘူး။ အဲဒီတော့ နည်းနည်း ပညာပေးလေးတော့ ထားလိုက်ဦးမယ်ထင်တယ်၊ ညီနောင် သုံးဖော်နဲ့ PDF တွေလည်း လက်တွဲမိပြီဆိုတော့ အဲဒီတော့ မန္တလေးလောက်ကို ခြိမ်းခြောက်လာနိုင်ရင်တော့ စစ်အာဏာရှင်ကတော့ ပြိုမှာပဲလေ။ သူတို့ကလည်း ပြင်ဦးလွင်လောက်ကနေပြီးတော့ အသေအလဲခံမယ်ထင်တယ်၊ ပြင်ဦးလွင်ကို ကျော်ပြီးတော့ မန္တလေးကို ဝိုင်းလိုက်ပြီ၊ သိမ်းနိုင်ပြီဆိုရင်တော့ မကြာပါဘူး။ ဒီနွေဦးတော်လှန်ရေးက အမြန်ဆုံးပြီးသွားမှာ ညီနောင်သုံးဖော်အားနဲ့ မြန်မြန်ပြီးသွားလိမ့်မယ်လို့ အဲဒီလို ယူဆတယ်လေ” ဟု ပြောသည်။

    အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် အဆိုပါ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်တို့လည်း ပါဝင်ခဲ့သည်။

    မိမိတို့ စစ်ဆင်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်သာမက ကချင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တွင်လည်း စစ်ဆင်ရေးဖော်ဆောင်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ထားသည်။

    ၎င်း စစ်ဆင်ရေး၏ နောက်ကွယ်တွင် တရုတ် ပါဝင်ပတ်သက်မှု ရှိနေသည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြားတွင် ပြောဆိုသုံးသပ်မှုများလည်း ရှိနေသည်။

    ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးအတွင်း တရုတ် မပါဝင်ပါက တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း၊ သို့သော်လည်း နောက်ကွယ်တွင် တရုတ် ပါဝင်ပါက အကန့်အသတ်ဖြင့် ဖော်ဆောင်သော တိုက်ပွဲဖြစ်လာနိုင်သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်မြက်က ပြောသည်။

    “အဲဒါကတော့ နှစ်မျိုးရှိတယ်လေ။ တစ်မျိုးက သူတို့တကယ် တရုတ်က နောက်က မပါဘူးဆိုရင်တော့ ညီနောင်သုံးဖော်ရဲ့ စစ်ပွဲက ပိုပြီး နက်ရှိုင်းလာနိုင်တယ်။ နောက်က ဘယ်သူမှ မရှိဘူး။ သူတို့သဘောနဲ့ သူတို့ ဆိုရင် ဒီထက်အားကောင်းသွားလိမ့်မယ်။ ချင်းတို့ ကချင်တို့ကပါ လုံးဝအပြတ် သူတို့ ဒီ ၃ ဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်လာနိုင်တယ်။ တချိန်တည်းမှာ ထိုင်းနယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တွေကိုယ်၌ကိုက အဲဒီမှာ ပါဝင် သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ရခိုင်တောင်မှ သူတို့ နားလည်မှုအရ ပါဝင်တိုက်ခိုက်နေပြီကိုး။ အဲဒါက တရုတ်နဲ့ သူတို့နဲ့ ပြတ်တယ်ဆိုရင် ပြောတာ” ဟု ပြောသည်။

    ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့ ၆ မြို့ကို သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်း၊ ထို့နောက် မိမိတို့၏ စစ်ဆင်ရေးကို နောက်တဆင့် တက်လှမ်းမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts