Homeသတင်းသထုံတွင် ၃ လအတွင်း ကြိုးဆွဲချ သေဆုံးသူ ၄ ဦးအထိ ရှိလာ

သထုံတွင် ၃ လအတွင်း ကြိုးဆွဲချ သေဆုံးသူ ၄ ဦးအထိ ရှိလာ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ၂၁၊ ၂၀၂၃။

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ ၃ လတာကာလအတွင်း ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သူ ၄ ဦးအထိ ရှိကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခု၌ ဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း အကြင်နာတွဲလက် လူမူကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“အခုသေတဲ့တစ်ယောက်က စားသောက်ဆိုင်မှာ လုပ်နေရင်းနဲ့ သေတာ၊ နောက်ကွယ်မှာ ပြဿနာတွေရှိတာ၊ နောက်တစ်ယောက်သေတာလည်း သူက ချဲထိုးတယ်၊ ချဲအကြွေးတွေ ပေးရမယ် အဲဒါကြောင့်မို့လို့ သူ့ကိုယ်သူ လုပ်ကြံတယ်။ နောက်တစ်ယောက်ကျတော့လည်း သူများအိမ်မှာ အိမ်ဖော်လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကို လုပ်ကြံတယ်။ နောက်တစ်ယောက်ကတော့ အဘကြီးတစ်ယောက်ပေါ့နော်၊ စိတ်မနှံ့လို့ သူ့ကိုယ်သူ လုပ်ကြံတာပေါ့” ဟု အကြင်နာတွဲလက် လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က မြဝတီမြို့မှ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိအိမ်တစ်အိမ်သို့ အိမ်ဖော်ဖြင့် လာရောက်လုပ်ကိုင်သည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ရေချိုးခန်းထဲ၌ ကြိုးဆွဲချ သေဆုံးခဲ့သည်။

အလားတူ သထုံမြို့နယ်၊ သိမ်းကုန်ကျေးရွာတွင် အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာ ချဲထိုးရာမှ ချဲအကြွေးများလာမှုကြောင့် စက်တင်ဘာလ ၂၄ ရက်နေ့က ကြိုးဆွဲချ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွါးခဲ့ပြီး အောက်တိုဘာလဆန်ပိုင်းအတွင်းကလည်း စိတ်မနှံ့သူ အဘိုးတစ်ဦးလည်း ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်စဥ်များ ရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ရေး၊ မော်လမြိုင်နှင့် သထုံမြို့နယ်တို့တွင် ၃ လအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၅ ဦးထက်မနည်း ရှိကြောင်းလည်း လူမူကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts