Homeသတင်းမုဒုံမြို့မရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မုဒုံမြို့မရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာရ

-

နိုဝင်ဘာ ၂၀၊ ၂၀၂၃

မွန်ပြည်နယ်၊ မုဒုံမြို့မရဲစခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွၚ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

မုဒုံမြို့လယ်ရှိ မုဒုံမြို့မရဲစခန်း နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခံရသည်ဟု မြို့ခံတို့က ဆိုသည်။

Drop Bomb သည် ရဲစခန်းဝင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး၊ လက်ဖက်ရည်ဆိုင်အမိုး ၃ ပေခန့်ပေါက်ပြဲပျက်စီးသွားခဲ့သလို ဆိုင်အတွင်းရှိ အမျိုးသမီးတစ်ဦးလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

“ဒဏ်ရာရသွားတဲ့ အမျိုးသမီးက ရဲမိသားစုဝင်ထဲကလို့ သိရတယ်။ ဦးခေါင်းနဲ့ ပုခုံးတွေမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို လူမှုကူညီရေးအဖွဲ့တို့က မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ညတွင်လည်း စစ်ကောင်စီတပ်စခန်းဘက် သေနတ်ပစ်ခတ်သံများ ထပ်ကြားရကြောင်း မြို့ခံတို့ထံမှ သိရသည်။

“ဒရုန်းနဲ့ တိုက်ခိုက်ခံရတော့ ရဲစခန်းဘက်က ပြန်ပစ်ထုတ်တဲ့အသံတွေက အကျယ်ကြီးပဲ။ ညကလည်း စစ်တပ်ဘက်မှာ ပစ်ခတ်သံတွေ ကြားရတယ်။ ဒရုန်းနဲ့ ထပ်တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်” ဟု အခြားမုဒုံမြို့ခံတစ်ဦးက ပြောသည်။

မုဒုံမြို့မရဲစခန်း Drop Bomb ဖြင့်တိုက်ခိုက်ခံရပြီးနောက် မုဒုံမြို့အဝင်အထွက်နေရာများတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

မုဒုံမြို့က ရဲစခန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts