နိုဝင်ဘာ ၁၆၊ ၂၀၂၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာဘက်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲ ၆ ရက်တာအတွင်း စစ်ကောင်စီတပ်ဘက်က ၂၂ ဦးသေဆုံးပြီး၊ ၂၈ ဦး လက်နက်ချအညံ့ခံခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်သည်။
ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် တံတားဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းစစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေသည့် ချောင်းနှစ်ခွဘက်သို့ စစ်ကူလာသည့် တပ်မ-၂၂ လက်အောက်ခံ ခလရ-၈၁ စစ်ကြောင်းနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု S.O.F က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း ဘုရားကုန်းအနီးတွင်နေရာယူထားသည့် အင်အား ၅၀ ကျော်ရှိ စစ်ကြောင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံတိုက်ခိုက်ခဲ့ရာမှ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူး တစ်ဦးနှင့် ဒုဗိုလ်တစ်ဦး စနိုက်ပါထိ သေဆုံးခဲ့ကြောင်း တိုက်ပွဲသည် နိုဝင်ဘာလ ၁၃ ရက်နေ့ထိ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ် ၂ ဦး အပါအဝင် ၁၄ ဦး အသေရရှိကာ၊ ၂၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ ၁၂ ဦး ဆုတ်ခွာထွက်ပြေးသွားသည်ဟုလည်း S.O.F က ထုတ်ပြန်ထားသည်။
ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၅ ရက်နေ့ညက ထပ်မံပိတ်ဆို့ရှင်းလင်းခဲ့ရာ ၅ ဦး ထပ်မံ သေဆုံးပြီး လက်နက်များ ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲစဖြစ်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၆ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးကာ၊ ၂၈ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်မျိုးစုံ ၅၅ လက်နှင့် ခဲယမ်းကျည်အများအပြား သိမ်းဆည်း ရရှိခဲ့သည်။
တိုက်ပွဲအတွင်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦးသေဆုံးပြီး ၁၀ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားသည်။