Sunday, March 29, 2026
More
    spot_img
    Homeသတင်းဒေသန္တရအမိန့် ဖောက်ဖျက်မှုကြောင့် ပေါင်ဒေသခံ ၂၀ ဦး တရားစွဲခံရဟု ဆို

    ဒေသန္တရအမိန့် ဖောက်ဖျက်မှုကြောင့် ပေါင်ဒေသခံ ၂၀ ဦး တရားစွဲခံရဟု ဆို

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၃။

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၃ ရက်နေ့ အထိ ၄၄ ရက်အတွင်း အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုသည့် ဒေသန္တရ အမိန့် ဖောက်ဖျက်မှုကြောင့် ပေါင်ဒေသခံ ၂၀ ဦးကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကစပြီး ပေါင်မြို့နယ်အတွင်း အမျိုးသားနှစ်ဦး ဆိုင်ကယ် အတူမစီးရ၊ အမျိုးသမီးအနောက်တွင် အမျိုးသားဆိုင်ကယ်လိုက်ပါစီးနင်းခြင်း မပြုရဆိုသည့် ဒေသန္တရအမိန့်တစ်ရပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

    “အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးမိလို့ ဖမ်းဆီးခံရတာ တော်တော်များတယ်။ မုတ္တမ၊ ပေါင်၊ ရင်ငြိမ်းတောင်၊ ဇင်ကျိုက်တို့ဘက်က ဒေသခံ ၂၀ ဦးထိ ဖမ်းဆီးပြီး တရားစွဲခံနေရတယ်။ တချို့ စစ်ဆေးတယ်၊ ငွေတောင်းပြီး ပြန်လွှတ်ပေးတာလည်း တော်တော်များတယ်” ဟု မြို့နယ်စစ် ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်ကောင်စီ၏ ဒေသန္တရအမိန့် ဖောက်ဖျက်မှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲခံရသူများတွင် မုတ္တမ၊ ပေါင်၊ ဇင်ကျိုက်မြို့နှင့် ရင်းငြိမ်တောင်ကျေးရွာများမှ ဒေသခံ ဆိုင်ကယ် ကယ်ရီသမား အနည်းငယ်နှင့် လူငယ်အများစု ပါဝင်ပြီး ထောင်ဒဏ် တစ်လ သို့မဟုတ် ဒဏ်ငွေသုံးသောင်းကျပ် ပေးဆောင်ရသည်ဟု ဆိုသည်။

    သို့သော်လည်း အမိန့်ချမှတ်သည့် တရားရုံအား ဒဏ်ငွေ သုံးသောင်းကျပ် ပေးသွင်းနိုင်ရေး သက်ဆိုင်ရာ ရဲ၊ အုပ်ချုပ်ရေးမှူး၊ တရားသူကြီးတို့မှ ငွေကြေးတောင်းခံမှုများရှိပြီး ၎င်းတို့ကို ငွေကြေးမပေးနိုင်ပါက ထောင်ဒဏ်အဖြစ် အမိန့်ချမှတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

    “မြို့နယ်ကနေပြီးတော့ တပ်တို့ အာဏာပိုင်တို့ ရဲတို့ ဖမ်းပြီးတော့ အရေးယူတာလည်း ရှိမယ်။ အဲဒီနယ်မြေစခန်းကနေပြီးတော့ လုံခြုံရေးလှည့်တာရှိတယ်၊ အရေးယူတာ နည်းပြီးတော့ ငွေတောင်းပြီး ပြန်လွှတ်လိုက်တာ အများကြီးရှိတယ်။ အဲဒီလို အရေးယူတဲ့အခါမှာ ပုဒ်မ ၁၈၈ နဲ့ တရားစွဲတယ် တရားရုံးကတော့ ပထမအကြိမ်ဆို ဒဏ်ငွေ ပဲရိုက်တယ် ဒဏ်ငွေမရှိရင် ထောင်ကျမယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ ရေး၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုသည့် ဒေသန္တရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks